သဖန်းဆိပ်ရေလှောင်တမံမှ မိုးစပါးစိုက်ပျိုးလျာထားဧကများ အောင်ရေရသည်အထိ ရေပေးဝေရန် စီစဉ်ထား

ဒီပဲယင်း     အောက်တိုဘာ     ၃၀

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် သဖန်းဆိပ်ဆည်ရေသောက် ဧရိယာတွင်ပါဝင်သော ကင်းတပ် လက်ယာတူးမြောင်း ကာဘိုး ရေလွှဲဆည် ရေဦးတူးမြောင်း ရွှေဘိုတူးမြောင်း ဧရိယာများတွင် ၂၀၂၀ ပြည့်နှစ် မိုးရာသီတွင် မိုးစပါးလျာထားဧက လေးသိန်း နှစ်သောင်းလျာထားခဲ့ပြီး ဆည်ရေဖြင့် လေးသိန်းလေးသောင်းကျော် စိုက်ပျိုးနိုင်ခဲ့ရာ  အောင်ရေရသည်အထိ ဆည်ရေပေးဝေရန် စီမံ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုနှစ်မိုးရာသီတွင် ရာသီဥတုပြန်မှုကြောင့် မိုးခေါင်ပြီးမိုးရွာသွန်းမှု နည်းပါးသဖြင့် မူးမြစ်အနောက်ဖက်ခြမ်းရှိ ရွှေဘိုခရိုင် ရေဦး မြို့နယ် ဒီပဲယင်းမြို့နယ် တန်ဆည်မြို့နယ်များတွင် မိုးစပါးစိုက်ပျိုးထားသော လယ်မြေဧရိယာများ အောင်ရေပြည့်မီစွာ ရရှိရေးနှင့် မြောင်းဖျားပိုင်းအထိ စိုက်ပျိုးရေလုံလောက်စွာ ရောက်ရှိရေးအတွက် ရေအလေအလွင့်မရှိအောင် အလှည့်ကျစနစ်ဖြင့် ရေပေးသည့် အပြင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ဦးဆောင်ပြီး ဒေသခံတောင်သူများ (WUG) အဖွဲ့များနှင့်  ပူးပေါင်းကာ ဆည်ရေများ စနစ်တကျ ပေးဝေလျက်ရှိကြောင်း သိရသည်။

သိန်းထွန်း(ဒီပဲယင်း)