ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရွှေတောင် ဇန်နဝါရီ ၃၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရွှေတောင်မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများသည် ယမန်နေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်အတွင်း နွေစပါး(အင်း/ မုယင်း)စိုက်ပျိုးသည့် ကျေးရွာအုပ်စုများတွင် တောင်သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးကြည့်ရှုရာတွင် ရွှေတောင်မြို့နယ်၊ သရက်သုံးပင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၄၄၉)သရက်သုံးပင်ကွင်းရှိ တောင်သူဦးမြသန်း စိုက်ပျိုးထားသည့် မတ်ပဲ(TBL-9) (၅.၀၀)ဧကအောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေ၊ တောင်သူဦးမျိုးလှိုင်စိုက်ပျိုးထားသည့် နွေစပါးရတနာတိုး(၄.၀၀)ဧကအောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများနှင့် သရက်သုံးပင်ကျေးရွာအုပ်စုအတွင်း စိုက်ပျိုးထားသည့် နွေစပါး(အင်း/မုယင်း) စိုက်ဧက(၄၁၉)တို့အား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပြီး ရွှေတောင်မြို့နယ်၊ ကျီးသဲကျေးရွာအုပ်စု ကွင်းအမှတ်(၄၄၅") ရှိတောင်သူဦးကျော်လွင်၏ နွေစပါးရက်(၉၀)(၃. ၀၀)ဧကအောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများ၊ ကျီးသဲကျေးရွာအုပ်စုအတွင်း နွေစပါး(မုယင်း) (၂၉)ဧကစိုက်ပျိုးထားရှိမှုအခြေအနေများ၊ ရွှေတောင်မြို့နယ် မြို့မကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၄၄A) မြို့မကွင်းရှိ တောင်သူဦးမြင့်ဦး၏ နွေစပါးရက်(၉၀) (၆. ၀၀)ဧကစိုက်ပျိုးထားရှိမှုအခြေအနေများနှင့် မြို့မကျေးရွာအုပ်စုအတွင်း နွေစပါး(အင်း/ မုယင်း) စိုက်ဧက(၁၈၆) စိုက်ပျိုးဖြစ်ထွန်းမှုတို့အားစစ်ဆေးကြည့်ရှုခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သက်တမ်းတိုအထွက်ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးရန်၊ သွင်းအားစုနှင့်စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးရန် ကောက်စိုက်စက်ကိရိယာများ အသုံးပြုရန်တို့အား ဆွေးနွေးခဲ့သည်။

ရွှေတောင်မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီအနေဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှု၊ ပြည်ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ၏ အနီးကပ်​ကြီးကြပ်မှုဖြင့် မိမိမြို့နယ်အတွင်း နွေစပါးစိုက်ဧကများ လျာထားချက်ထက်ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ရေး အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ ဆက်)