တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အလှူငွေနှင့် ပစ္စည်းများ လာရောက်လှူဒါန်း

တောင်တွင်းကြီး    အောက်တိုဘာ    ၃၀

မကွေးတိုင်းဒေသကြီး  တောင်တွင်းကြီးမြို့နယ်  ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများတွင် အထောက်အပံ့ဖြစ်စေရန်အတွက် ရည်ရွယ်၍ အလှူရှင်များက  အလှူငွေနှင့်ပစ္စည်းများကို ယမန်နေ့ နေ့လယ်က လာ‌ရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများထားရှိမည့် သီးသန့်ဆောင်(ICU) တွင် ပိုးတွေ့လူနာများ အရေးပေါ် အောက်ဆီဂျင်ပေးကုသမှုလိုအပ်ပါက အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် ပိုက်လိုင်းစနစ်ဖြင့် အောက်ဆီဂျင် ပိုက် သွယ်တန်းခြင်း၊ လေအေးပေးစက် တပ်ဆင်ခြင်း၊ CCTV တပ်ဆင်ခြင်းနှင့် အခြားလိုအပ်သည်များ ထပ်မံဖြည့်ဆည်း နိုင်ရန်အတွက် ဦးပိုင် စိန်ရွှေရတနာဆိုင်မှ အလှူငွေကျပ် (၂၅) သိန်းနှင့် ရွှေသရဖူရွှေပန်းတိမ် (ရန်ကုန်မြို့)မှ PPE(၃၀)စုံ၊ နှာခေါင်းစည်း Mask (၂၅၀၀) ခုတို့ကို အလှူရှင်များကိုယ်စား ဦးအောင်ကျော်ကျော်က လာရောက်လှူဒါန်းရာ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဒေါ်ကြည်ကြည်မာက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်  (ပြန်/ဆက်)