မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မကွေးတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်မိတ်ဆက်ပြပွဲအခမ်းအနား တက်ရောက်

မကွေး ဒီဇင်ဘာ ၃၁

၂၀၂၃- ၂၀၂၄ ပညာသင်နှစ် မကွေးတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်မိတ်ဆက်ပြပွဲအခမ်းအနားကို ဒီဇင်ဘာလ ၃၀ ရက်နေ့က မကွေးတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးနှင့် ဒုတိယပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်ဌာနအသီးသီးရှိ ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မကွေးတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်မိတ်ဆက်ပြပွဲအခမ်းအနားအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေနှင့်  မကွေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ဘက်စုံသုံးခန်းမ၌ ကျင်းပရာ စာပေနှင့်အနုပညာအသင်းက မြေလတ်တက္ကသိုလ်သီချင်းဖြင့် ဂုဏ်ပြုတင်ဆက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်တိုင်းရဲ့ အနာဂတ်ဘဝမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည်တို့ကို ဟန်ချက်ညီညီ ဘက်စုံဖွံ့ဖြိုးရေးအတွက် လူငယ်ရေးရာမူဝါဒများ ချမှတ်ကာ မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မောင်မယ်သစ်လွင်များအနေဖြင့် တက္ကသိုလ်ကသင်ကြားပေးသည့် ဘာသာရပ်များနှင့် စာပေအားကစား လှုပ်ရှားဆောင်ရွက်မှုများကို အသုံးချတတ်ဖို့နဲ့ အသုံးကျအောင် လေ့ကျင့်ဖို့ လိုကြောင်းနှင့် နိုင်ငံ့အတွက် ရုပ်ပိုင်းရောစိတ်ပိုင်းပါ ကြံ့ခိုင်တဲ့ လူ့စွမ်းအား အရင်းအမြစ်ကောင်းတွေပေါ်ထွန်းလာအောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မကွေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဝိဇ္ဇာဘာသာရပ်၊ သိပ္ပံဘာသာရပ်နှင့် ပတ်သက်သည့် သိသင့်သည်များနှင့် စာကြည့်တိုက်အသုံးပြုပုံနှင့်ပတ်သက်သည့် သိသင့်သည်များကို တာဝန်ရှိသူများက မောင်မယ်သစ်လွင်များအား ရှင်းလင်းပြောကြားခဲ့ပြီး မကွေးတက္ကသိုလ်ရှိ ကျောင်းသား၊ ကျောင်းသူလေးများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် တင်ဆက်ခဲ့ကြကာ ဖျော်ဖြေရေးအစီအစဉ်တွင် ပါဝင်တင်ဆက်ခဲ့သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က ဂုဏ်ပြုဆုငွေများ ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ဆရာ/ဆရာမများက ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် ဘာသာရပ်ဌာန အသီးသီးအလိုက် ခင်းကျင်းပြသလျက်ရှိသော ဘာသာရပ်မိတ်ဆက်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)