ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းပြုလုပ်ပေး

ပွင့်ဖြူ ဇန်နဝါရီ ၃၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများ လူမှုဘဝဖွံ့ဖြိုးစေရန်အတွက် ရည်ရွယ်၍ ယမန်နေ့ နံနက် ၉ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပွင့်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်ရှိ ဒေသခံပြည်သူများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူများကို ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အခမဲ့ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပွင့်ဖြူမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးညွန့်ဝင်းထူးက ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်နှင့် နိုင်ငံသားစိစစ်ရေးကတ်အား မပျောက်ပျက်စေရန် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းရမည့်နည်းလမ်းများ၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ရာ၌ ယူဆောင်လာရမည့် အထောက်အထားများကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက သက်တော်ရှည်ရပ်ကွက်ရှိ စာရင်းရှိ အိမ်ထောင်စု ၆၂၇ စုအား လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းနှင့် အသက်(၁၆)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်သူ ၁၇ ဦးအား အထောက်အထားများ စိစစ်၍ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် စနစ်တကျ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ဆောင်ရွက်ပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပွင့်ဖြူမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် မြို့နယ်အတွင်းရှိ  ဒေသခံပြည်သူများ လူမှုဘဝဖွံ့ဖြိုးစေရန်အတွက် ယခုကဲ့သို့ ပန်းခင်းစီမံချက်များဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသူများအား အသစ်ပြုလုပ်ဆောင်ရွက်ပေးခြင်း၊ အသစ်/အဟောင်း လဲလှယ်လိုသူများအား ပြုလုပ်ပေးခြင်းတို့အပြင် မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသောနံပါတ် Unique ID ထုတ်ပေးနိုင်ရေးအတွက် e-ID စနစ်အသုံးပြု၍ နိုင်ငံသားတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက် အလက်ကောက်ယူခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )