အထက်မင်းလှ ဇန်နဝါရီ ၃၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခြင်းကို ယမန်နေ့နံနက် (၉) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အမှာစကားပြောကြားပြီး နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုးက နိုင်ငံ့ဝန်ထမ်းပင်စင်စားများ အား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသပေးနေမှုများအား ရှင်းလင်းပြောကြား ပြီးမြို့ပေါ်ရပ်ကွက်များမှ ပင်စင်စား (၁၄၂) ဦးအား (Vitalife) အားဆေး (၃) ကဒ်စီ အခမဲ့ ဖြန့်ဝေခဲ့သည်။
ယင်းနောက် မြို့ပေါ်ရပ်ကွက်ရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စား (၁၄၂) ဦးအား တစ်ဦးလျှင် ဆန် (၁) ပြည်၊ ဆီ (၃၀) ကျပ်သား၊ ကုလားပဲ (၂) ဗူး၊ ကြက်ဥ (၆) လုံးနှင့် ဆေးဝါးများကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ထောက်ပံ့ပေးခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုးနှင့် ကျန်းမာရေးဝန်ထမ်းဆရာမများက နိုင်ငံ့ဝန်ထမ်းပင်စင်စား (၁၄၂) ဦးအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ဆီချို၊ သွေးချိုစစ်ဆေးပေးခြင်း ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည့်ဆေးဝါးများပေးခဲ့ကာ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှလည်း နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသပေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)