ဘိုကလေးမြို့နယ်တွင် မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး

ဘိုကလေး ဇန်နဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မီးသတ်ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ယမန်နေ့ နေ့လယ်(၂)နာရီအချိန်တွင် ဘိုကလေးမြို့၊ အမှတ်(၁၀)ရပ်ကွက်အတွင်း၌ တစ်အိမ်တက် တစ်အိမ်ဆင်းစနစ်ဖြင့် မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၁၀)ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်းကာ ရပ်ကွက်အတွင်းရှိ လူနေအိမ်များ၌ မီးချိတ်၊ မီးကပ်များ၊ ‌ရေပုံး၊ သဲပုံးများထားရှိစေရေး၊ ဟောင်းနွမ်းလျက်ရှိသော လျှပ်စစ်ဝါယာကြိုးများ သွယ်တန်းသုံးစွဲမှုမရှိစေရေး၊ ထမင်း၊ ဟင်းများ ချက်ပြုတ်ရာ၌ စနစ်တကျ မီးသုံးစွဲရေးနှင့် မီးကြွင်း၊မီးကျန်များအား ဂရုပြုငြိမ်းသတ်စေရေးတို့အား စစ်ဆေး ကြပ်မတ်ဆောင်ရွက်ကာ မီးဘေးလုံခြုံရေးနှင့် ပတ်သတ်သည်များအား အသိပညာပေး ဆွေးနွေးမှာကြားခဲ့ကြသည်။

ဘိုကလေးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ယခုရက်ပိုင်းများအတွင်း အလားတူ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းများအား လူနေရပ်ကွက်များ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်း စစ်ဆေးဆောင်ရွက်လျက်ရှိပြီး မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်း လုပ်ငန်းများကိုလည်း ဘိုကလေးတစ်မြို့နယ်လုံးရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)