တောင်တွင်းကြီး ဇန်နဝါရီ ၃၁
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် သဖန်းကုန်းကျေးရွာ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက သဖန်းကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းဝန်းအတွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ Grade-4 ကျောင်းသား/ကျောင်းသူလေးများက “လမ်းပြကြယ်” သီချင်းဖြင့် တေးသရုပ်ဖော်ဖွင့်လှစ်ပေးခဲ့သည်။ ထိုနောက် မြို့နယ်ပညာရေးမှူးကိုယ်စား အုန်းတော (၂) ကျောင်းအုပ်ဆရာကြီး ဦးအောင်မိုးခိုင် အဖွင့်အမှာစကား ပြောကြားပြီး သဖန်းကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးရဲမင်းထွန်းက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်အား ပြောကြားရာတွင် အခြေခံပညာကျောင်းများ၏ ဘက်စုံဖွံဖြိုးတိုးတက်ရေး၊ ကျောင်းသားကျောင်းသူများ ဘက်စုံထူးချွန်ထက်မြတ်ရေးအတွက် ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများမှ ပူးပေါင်းဆောင်ရွက်မှသာလျှင် ထူးချွန်ထက်မြတ်ယဥ်ကျေးလိမ်မာသော ကျောင်းသားကျောင်းသူများ စဥ်ဆက်မပြတ်ပေါ်ထွန်းလာမည်ဖြစ်ကြောင်း၊ ကျောင်းပညာရေးသာမက ဘက်စုံဖွံဖြိုးတိုးတက်စေရန် မိဘ/ဆရာ/ကျောင်းသားတို့မှ ဆက်လက်ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ကောင်းမွန်သောဘဝတခု တည်ဆောက်နိုင်အတွက် အဓိကအချက်က သင်ကြားခဲ့သောပညာရပ်များကို အခြေခံ၍ တိုးတက်ကောင်းမွန်အောင် ကြိုးသားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပညာရည်ချွန်ထူးချွန်သည့် ကျောင်းသား/ကျောင်းသူများ၊ ညဏထူးချွန်ဆုများ၊ အားကစားထူးချွန်ဆုများ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သွားသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုများ၊ ကျောင်းအကျိုးတော်ဆောင် အလှူရှင်များအား ဂုဏ်ပြုဆုများကို မြိုနယ်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး “ခွင့်လွတ်ပါ ဆရာ” သီချင်းဖြင့် တေးသရုပ်ဖော်ကပြ၍ အခမ်းအနားကို ရှုတ်သိမ်းခဲ့ကြောင်းသိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)