အထက်မင်းလှ ဇန်နဝါရီ ၃၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ပြည်သူများအား မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များကို ကြိုတင်၍ကာကွယ်နိုင်ရန်အတွက် သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပညာပေးနှိုးဆော်မှုများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့ ညနေပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်းသို့ မီးသတ်ယာဉ်ဖြင့် လှည့်လည်၍ အသိပေး နှိုးဆော် ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပေးနှိုးဆော်ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်းရှိ နေအိမ်များ၌ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများထားရှိရန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများအား စနစ်တကျငြိမ်းသတ်ပြီးမှ အိပ်ကြပါရန်၊ လျှပ်စစ်မီးအား သတိထားကိုင်တွယ်ကြရန်၊ တရားမဝင် လောင်စာဆီများ သိုလှောင်ခြင်း၊ ရောင်းချခြင်းများမပြုလုပ်ရန်၊ လမ်းသွားလျှင် ဆေးလိပ်သောက်သုံးခြင်းမပြုလုပ်ရန်၊ မိမိတို့နေအိမ် ပတ်ဝန်းကျင်ရှိ ရေအိုး၊ ရေစည်များကို ရေဖြည့်ထားရှိရန်နှင့် အမှိုက်များ မီးရှို့လိုပါကလည်း မြို့နယ်မီးသတ်ဦးစီးဌာနထံသို့ သတင်းပေးပို့ဆောင်ရွက်သွားရန်တို့ကို ရပ်ကွက်လမ်းများသို့ လှည့်လည်အသိပေး နှိုးဆော်ခဲ့သည်။
အဆိုပါ အသိပညာပေးနှိုးဆော်ဆောင်ရွက်ရာတွင် မြို့နယ်အတွင်း၌ မီးဘေးအန္တရာယ်ကင်းဝေးစေရေး သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပညာပေးနှိုးဆော်ဆောင်ရွက်ခြင်းနှင့် မြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှုများ လျော့နည်းပပျောက်စေရေးအတွက် မီးသတိပေး ဆော်ဩခြင်းများကို ပြည်သူများသိရှိလိုက်နာစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)