ဆင်ပေါင်ဝဲမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ဆင်ပေါင်ဝဲ ဇန်နဝါရီ ၃၁

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးလုံခြုံစေရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ ညနေ ၄ နာရီက မြို့ပေါ်ရပ်ကွက်များသို့ မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ သတိပြုရမည့် အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံသတိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန လက်ထောက်မီးသတ်ဦးစီးမှူး ဦးချစ်ထွေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်အတွင်း မီးသတ်ယာဥ်ဖြင့် လှည့်လည်၍ မီးဘေးအန္တရာယ်ကင်းဝေးစေရေး သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပညာပေးနှိုးဆော်ရွက်ခြင်း၊ မီးလောင်မှု/မီးလန့်မှုများ လျော့နည်းပပျောက်စေရေးအတွက် မီးသတိပေး ဆော်ဩခြင်းလုပ်ငန်းများ ​ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ အသိပေးနှိုးဆော်ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေပုံး၊ မီးသတ်ဆေးဘူး အစရှိသည့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ စီစဉ်ဆောင်ရွက်ထားရှိရေး၊ မီးဖိုများကိုအိမ်ပေါ်တွင် ထားရှိသုံးစွဲခြင်းမပြုရန်နှင့် (၃)ပေပတ်လည်၊ (၂)ပေ အနက် မီးကျင်းတူး၍ ချက်ပြုတ်သုံးစွဲရန်၊ မိမိတို့အိမ်တွင် အသုံးပြုနေသော ဝါယာကြိုးများနှင့် လျှပ်စစ်ပစ္စည်းကိရိယာများအား စစ်ဆေးပြုပြင်ထားကြရန်နှင့် လူစောင့်မရှိပါက လျှပ်စစ်မိန်းခလုတ်များ ပိတ်ထားကြရန်၊ မီးသွေး/ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်းများ ချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များကို စနစ်တကျ ငြှိမ်းသတ်ထားရှိရန်၊ မီးလောင်မှု/မီးလန့်မှုများဖြစ်ပေါ်ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ အကူအညီ တောင်းခံကြရန် စသည့် မီးဘေးအန္တရာယ် သတိပြုလိုက်နာရမည့် အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသံချဲ့စက်ယာဉ်ဖြင့် မြို့ပေါ်ရပ်ကွက်အတွင်း လှည့်လည်အသိပေး နှိုးဆော်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)