တနင်္သာရီ၌ အသက်(၆၀)နှင့် အထက်မဲဆန္ဒရှင်ပြည်သူများကြိုတင် ဆန္ဒမဲထည့်ပေးခြင်း စတင်ဆောင်ရွက်

တနင်္သာရီ အောက်တိုဘာ ၃၀     

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့မှာ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း မဲဆန္ဒနယ်မြေမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ် စားလှယ်နေကာများအတွက် ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင် အဖွဲ့ခွဲရုံးအသီးသီးတွင် အသက် (၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်ပြည်သူများ၊ မဲဆန္ဒနယ်မြေကျော်လွန်၍ တာဝန်ထမ်းဆောင်ရန် သွားရောက်ရမည့် ဝန်ထမ်းများ၊ အထူးရဲတပ်ဖွဲ့ ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များက ယမန်နေ့ နံနက်၈နာရီမှ ညနေ(၆)နာရီ  အချိန်အတွင်း ကြိုတင်ဆန္ဒမဲ ထည့်ပေးခြင်းအား ကိုဗစ်-၁၉ကာလအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့် အညီဆောင်ရွက်ပေးကြကြောင်း ရပ်ကွက် ကော်မရှင်အဖွဲ့ ခွဲရုံးများမှ သိရှိရသည်။

ယင်းနောက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ အသက်(၆၀)နှစ်နှင့် အထက် မဲဆန္ဒရှင်ပြည်သူများ၊ မဲဆန္ဒနယ်မြေကျော်လွန်၍ တာဝန်ထမ်းဆောင် ရမည့်ဝန်ထမ်းများနှင့် အထူးရဲတပ်ဖွဲ့ဝင်များက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲကို ကိုယ်တိုင်လာရောက်ထည့်ပေးခြင်းအား ဆောင်ရွက်ပေးကြကြောင်း ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများထံမှ သိရသည်။

တနင်္သာရီမြို့နယ်အတွင်းအသက်(၆၀)နှစ်နှင့်အထက်မဲဆန္ဒရှင်ပြည်သူပေါင်း(၇၂၄၀)ဦးခန့်ရှိကြောင်းနှင့် ရပ်ကွက်(၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၁)အုပ်စု၊ စုစုပေါင်း(၂၆)စုအတွင်း မဲရုံ(၉၇)ရုံ ရှိပြီး၊ မဲဆန္ဒရှင်ပြည်သူ အားလုံးပေါင်းမှာ ဒုတိယအကြိမ်မဲစာရင်းကြေငြာချက်အရ (၈၀၀၀၀)ကျော်ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)