ရေနံချောင်း ဇန်နဝါရီ ၃၁
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကာ ရေနံချောင်းမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခြေခံစားကုန်ထောက်ပံ့ခြင်း၊ အာဟာရဒါနကျွေးမွေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စား နိုင်ငံတော်အတွက် ရိုးသားကြိုးစားအငြိမ်းစားဝန်ထမ်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကာ ဌာနဆိုင်များ၏ ကူညီအားဖြည့်မှုဖြင့် ယခုလို ဆန်၊ ဆီ၊ ပဲ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးရခြင်း၊ အာဟာရဒါနကျွေးမွေးရခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးရခြင်းကြောင့် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် အငြိမ်စားပင်စင်စား နှစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက တက်ရောက်လာသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ၃၅၀ ဦးအား တစ်ဦးလျှင် ဆန်တစ်ပြည်၊ ဆီသုံးဆယ်ကျပ်သားနှင့် ကုလားပဲတစ်ပုံးနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၂၉၀၆၉၆၀ တန်ဖိုးရှိ အခြေခံစားသောက်ကုန်များကို တစ်ဦးချင်း လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပြီး အာဟာရဒါနအဖြစ် ကြက်သားဆန်ပြုတ်များ ကျွေးမွေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်လင်းနှင့် ဝန်ထမ်းများ၊ (၁၆) ကုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သိန်းသိန်းဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်တိုင်းရင်းဆေးကုဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စံသွယ်နှင့် ဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးကုသမှုများ ဆောင်ရွက်ပေးရာ ကျန်းမာရေးစစ်ဆေးမှုခံယူသူ ၁၀၃ ဦးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံသူ ၁၀၅ ဦးတို့အား ဆောင်ရွက်ပေးခဲ့ ကြောင်းနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များက ပါဝင်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်