ထိုင်းနိုင်ငံမှ ဈေးကောင်းပေး၍ ဝယ်ယူနေသော ဆေးရွက်ကြီး စိုက်ခင်းစိုက်ပျိုးသူများနှင့် တွေ့ဆုံခြင်း

စုကလိ    ဇန်နဝါရီ    ၃၀

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ မဲကုလားအုပ်စု ဆုံဆည်းမြိုင်ကျေးရွာတွင် တပိုင်တနိုင် စီးပွားရေးအဖြစ် မြန်မာ့ဆေးရွက်ကြီး ဒေသအခေါ် ဓားလှီးဆေးများအား ထိုင်းနိုင်ငံမှ ဈေးကောင်းပေး၍ ဝယ်ယူကြရာ ဝင်ငွေကောင်းသော စိုက်ပျိုးရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည်။

မြဝတီခရိုင် စုကလိမြို့ မဲကုလားအုပ်စု ဆုံဆည်းမြိုင်ကျေးရွာရှိ မြန်မာ့ဆေးရွက်ကြီး စိုက်ပျိုးရာတွင် လျာထားဧက ၃၅ ဧကထက် ပိုမိုကျော်လွန် စိုက်ပျိုးထားနိုင်ပြီး တစ်ဧကလျှင် အထွက်နှုန်း ၃၂၄ ပိသာအထိ ထွက်ရှိပြီး စုကလိဒေသ ပေါက်ဈေးအနေဖြင့် တစ်ကီလိုလျင် ထိုင်းဘတ်ငွေ ၂၅၀ ဘတ်အထိ ဈေးကောင်းရရှိကြောင်း သိရသည်။

ဆေးရွက်ကြီးပင်များကို မြစ်နား ချောင်းနား ကမ်းနားများရှိ သဲနုန်းမြေများပေါ်တွင် အစေ့ချစိုက်ပျိုးကြပြီး အပင်ပေါက်သက်တမ်း (၂) ပတ်ခန့်အကြာတွင် အပင်ပေါက်စုံပြီဖြစ်သဖြင့် တစ်ပင်တစ်ကျင်းနှုန်းဖြင့် ပြောင်းရွှေ့စိုက်ပျိုးရသည်။ အပင်သက်တမ်း (၆) လမှ (၇) လအကြာတွင် ခူးဆွတ်လှီးဖြတ် အခြောက်ခံပြီး ဈေးကွက်သို့ တင်ပို့ရောင်းချကြကြောင်း၊ ထိုင်းနိုင်ငံမှ ဆေးဝါးထုတ်လုပ်သည့်နေရာများနှင့် ဓာတ်မြေဩဇာ ထုတ်လုပ်သည့်နေရာများတွင် သုံးစွဲလေ့ရှိကြောင်း သိရသည်။ ဆေးရွက်ကြီးပင်များ စိုက်ပျိုးရောင်းချနေသည့် စုကလိမြို့ မဲကုလားအုပ်စု ဆုံဆည်းမြိုင်ကျေးရွာရှိ ဆေးရွက်ကြီးစိုက်ပျိုးသည့် တောင်သူ ဦးထိန်ဝင်းနှင့် တွေ့ဆုံမေးမြန်းခဲ့မှုအား ယခုလိုတင်ပြအပ်ပါသည်။

မေး - ဆေးရွက်ကြီးစိုက်ပျိုးလာသည့် နှစ်ပေါင်းလေး သိချင်ပါတယ်ရှင်။

ဖြေ - ၁၅ နှစ်ထဲ ရှိပါပြီခင်ဗျ။

မေး - ဒီဆေးရွက်ကြီးများကို ထိုင်းနိုင်ငံသို့ ပို့ဆောင်ရောင်းချမှုအပေါ်သိချင်ပါတယ်ရှင်။

ဖြေ - ကျွန်တော်တို့ဆေးရွက်ကြီးပင်များကို စိုက်ပျိုးပြီး (၆)လမှ (၇) လအကြာမှာတော့ စတင်၍ အရွက်များ နေ့စားငှားပြီး ခူးဆွတ်ကြပါတယ်၊ အဲ့နောက်မှာတော့ အရွက်ရွေးချယ်ပါတယ်။ ထို့နောက် ဓားလှီးအခြောက်ခံပြီး ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချရပါတယ်။

မေး - ဒီနှစ်မှာတော့ ရရှိတဲ့ဈေးနှုန်းလေး သိချင်ပါတယ်။

ဖြေ - ဒီနှစ်မှာတော့ အရင်နှစ်ထက် ဈေးပိုရပါတယ်၊ အရင်နှစ်ကတော့ လုပ်အားခဖယ်ပြီး တစ်ကီလိုဈေးဘတ်(၂၀၀) ပေါ့ အခုနှစ်ကတော့ အလုပ်သမားခ ဖယ်ပြီး တစ်ကီလို ထိုင်းဘတ်ငွေ (၂၅၀) ရရှိတာကြောင့် ကျွန်တော်တို့တော်တော်လေး အဆင်ပြေပါတယ်ခင်ဗျ။

မေး - ရောင်းတဲ့အခါမှာကော အမျိုးအစားခွဲပြီးဝယ်ပါသလားရှင်။

ဖြေ - အဲ့လိုရှိပါတယ်ခင်ဗျ ဆေးရွက်အသားကောင်းတာဆို တစ်ဈေး၊ ဆေးရွက်အရင်းဒူဆစ်ဆို တစ်ဈေးဆိုပြီး ပေးဝယ်ကြပါတယ်။

မေး - အလုပ်သမားခနှင့် ပတ်သက်ပြီးသိချင်ပါတယ်ရှင်။

ဖြေ - အလုပ်သမားခကတော့ အကြမ်းဖျင်းအားဖြင့် အမျိုးသမီးဆို ထိုင်းဘတ်ငွေ (၁၅၀)ဘတ် အမျိုးသားတစ်ဦးဆို ထိုင်းဘတ်ငွေ (၂၀၀)ထိပေးရပြီး ခူးဆွတ်ချိန်နှင့် လှီးဖြတ်အခြောက်ခံချိန်များမှာ လူငှားပြီးလုပ်ကိုင်ဆောင်ရွက်ရပါတယ်ခင်ဗျ။

မေး - ဒီနှစ်အတွက် စိုက်ခင်းက အမြတ်ငွေပမာဏလေး သိချင်ပါတယ်ရှင်။

ဖြေ - ဒီနှစ်အတွက် အမြတ်ငွေ ဘတ် (၅၀၀၀၀၀) လောက် အလုပ်သမားခနုတ်ပြီး အမြတ်ကျန် ပါတယ်ခင်ဗျ။

 မေး - ဟုတ်ကဲ့ အခုလိုဖြေကြားပေးတဲ့အတွက် တောင်သူ ဦးထိန်ဝင်းကို ကျေးဇူးအထူးတင်ပါတယ်ရှင်။

ဖြေ - ဟုတ်ကဲ့ခင်ဗျ အခုလို ဒေသစိုက်ပျိုးရေးအကြောင်း လာရောက်မေးမြန်းပေးတဲ့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆရာမကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျ။

တွေ့ဆုံမေးမြန်းသူ - ပိုပိုအောင် (စုကလိ)