တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားသို့ တက်ရောက်

ထားဝယ် ဇန်နဝါရီ ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ အတီးအမှုတ် အကအခုန်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသန့်ဇင်တို့က ပညာရေးစုံညီပွဲတော် အခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကျောင်းသား/သူများက စုံညီပွဲတော် တို့နွှဲပျော် သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ကာကွယ်နိုင်မည့် လူ့စွမ်းအားအရင်း အမြစ်များ ပေါ်ထွန်းလာစေရန်၊ ပြည်ထောင်စုစိတ်ဓါတ် ရင့်သန်ခိုင်မာပြီး ရိုးရာယဉ်ကျေးမှုနှင့် လူသားကောင်းဖြစ်မှု စံနှုန်းများကို ထိန်းသိမ်းမြှင့်တင်နိုင်မည့် နိုင်ငံသားကောင်း၊ သမီးမွန်များ ပေါ်ထွန်းလာစေရန်၊ ပညာရေးကဏ္ဍအလိုက် စွမ်းဆောင်ချက်များကို မြှင့်တင်ပေးရန်၊ အမျိုးသားပညာရည်မြှင့်မားရေးလုပ်ငန်းများကို မိဘပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန် စသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း၊ ယနေ့ အခမ်းအနားတွင် ဗဟိုအဆင့် အင်္ဂလိပ်စာစွမ်းရည်၊ ICT နှင့် ကမ္ဘာ့ခရီးသွားနေ့ အထိမ်းအမှတ် ပြိုင်ပွဲများမှ ဆုရရှိသူကျောင်းသား၊ ကျောင်းသူ (၆) ဦး အပါအဝင် တိုင်းဒေသကြီးအဆင့် ပြပွဲပြိုင်ပွဲ အသီးသီးမှ ဆုရရှိသူ ထူးချွန်ကျောင်းသား၊ ကျောင်းသူ (၁၀၄)ဦးကို ဆုများ ချီးမြှင့်ပေးအပ်သွားမည် ဖြစ်ပြီး ဆုချီးမြှင့်ငွေ သိန်း(၆၀) ကျော်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့ပေးခဲ့ကြောင်း၊ နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် လူ့စွမ်းအားအရင်းအမြစ်ဖြင့်သာ အဓိက တည်ဆောက်ရခြင်းဖြစ်သည့်အတွက် အသိပညာ၊ အတတ်ပညာ ပြည်စုံသော ပညာတတ်များ ပေါ်ထွက်လာစေရန်နှင့် ထူးချွန်ထက်မြက်ပြီး အကျင့်စာရိတ္တ ကောင်းမွန်၍ ကျန်းမာသန်စွမ်းသော ကျောင်းသား၊ကျောင်းသူများ ဖြစ်ပေါ်လာစေရန် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများ၊ စုံစုံညီညီ ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ ပူးပေါင်းပါဝင်ရန် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် အင်္ဂလိပ်စာစွမ်းရည် ပြိုင်ပွဲ (ဗဟိုအဆင့်)တွင် (၂)နှစ်ဆက်တိုက်ဆုများ ရရှိခဲ့သည့်အတွက် များစွာ ဂုဏ်ယူပါကြောင်းနှင့် နောက်နှစ်များတွင်လည်း နိုင်ငံတော်အဆင့်၌ ဆုများ ရရှိအောင် ဆက်လက်ကြိုးစားဆောင်ရွက်သွား ကြရန်လိုအပ်ကြောင်း၊ အခြေခံပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး ဝန်ထမ်းများအားလုံးနှင့် ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များ အချိတ်အဆက် မိမိလက်တွဲ ပူးပေါင်းပါဝင်ဆောင်ရွက်မှု မြှင့်တင်ဆောင်ရွက်သွားကြရန်၊ ဘက်စုံထူးချွန်သော လူတော်လူကောင်း နိုင်ငံသားကောင်း၊ သမီးမွန်များဖြစ်အောင် ပညာရေးမိသားစုများအားလုံး ဝိုင်းဝန်းပံ့ပိုး ကူညီဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်က တိုင်းဒေသကြီးပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တိုင်းဒေသကြီးမှ ဗဟိုအဆင့်တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် တိုင်းဒေသကြီးအဆင့်တွင် ဆုရရှိသော ကျောင်းသား၊ကျောင်းသူများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ပြီး တက်ရောက်လာသော ဧည့်သည့်တော်များအား ဆရာ/ဆရာမများနှင့် အခြေခံပညာ ကျောင်းပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများက ထာဝရသစ္စာ၊ ဒို့တာဝန်၊ ပြည်ထောင်စုသွေး၊ ပုဂံအက၊ မြတ်ဆရာရဲ့အားမာန်၊ ဘက်စုံပညာဂုဏ်ရည်တို့လှမ်းချီ သီချင်းဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြကြောင်း သတင်းရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)