ပြည် ဇန်နဝါရီ ၃၀
ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း (ပြည်) တို့ ပူးပေါင်းကျင်းပသော အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းခန်းမဆောင်၌ ကျင်းပသည်။
ဦးစွာ အစိုးရနည်းပညာအထက်တန်းကျောင်း (ပြည်) မှ ကျောင်းအုပ်ကြီး ဦးမင်းဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက "ကျောင်းသားလူငယ်မောင်မယ်များအား ကျောင်းစာအပြင် အားလပ်ချိန်တွင် ပြင်ပဗဟုသုတရရှိစေမည့် စာအုပ်စာပေများ လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူအများရှေ့တွင် ပြောဆိုရဲသည့် အလေ့အကျင့်ကောင်းနှင့် စကားပြောစွမ်းရည်များ တိုးတက်လာစေရန်၊ စာရိတ္တဗလအပါအဝင် ဗလငါးတန်နှင့် ပြည့်စုံသော ဘက်စုံထူးချွန်ထက်မြက်သည့် နိုင်ငံတော်၏ အနာဂတ်သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းစတင်ကျင်းပရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက စကားဝိုင်းညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ပြီး အစိုးရနည်းပညာအထက်တန်းကျောင်း (ပြည်) မှ ကျောင်းသား၊ ကျောင်းသူ ၅ ဦးက "လူငယ်နှင့်စာပေ"၊ "လူငယ်နှင့်စာရိတ္တ"၊ "လူငယ်နှင့် ကိုယ်ကျင့်တရား"၊ "လူငယ်နှင့်စည်းကမ်း"၊ "လူငယ်နှင့် စိတ်ဓာတ်မြင့်မားရေး" အစရှိသည့်ခေါင်းစဉ်များဖြင့် "အဂတိလိုက်စားမှုတိုက်ဖျက်ရေး" ဆိုင်ရာ လူမှုကျင့်ဝတ်၊ စည်းကမ်း၊ ကိုယ်ကျင့်တရားနှင့် စာရိတ္တကောင်းမွန်ရေး စသည့်သိမှတ်ဖွယ်အကြောင်းများကို ရှုထောင့်အသီးသီးမှ ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးချက်များအပေါ် သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သော အကြောင်းအရာများအပေါ် ညှိနှိုင်းရေးမှူးက ခြုံငုံသုံးသပ်ဆွေးနွေးပြီး ကျောင်းအုပ်ဆရာကြီးက ညှိနှိုင်းရေးမှူးနှင့် ပါဝင်ဆွေးနွေးခဲ့သော ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ကာ နိဂုံးချုပ်အမှာစကားပြောကြားသည်။ ယင်းနောက် အမှတ်တရစုပေါင်းမှတ်တမ်း ဓာတ်ပုံများရိုက်ကူးကြကြောင်း သိရသည်။
ကိုဆက် (ပြန်/ဆက်)