ငပုတောမြို့နယ် ရပ်ကွက်များအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေး အသိပညာပေးခြင်း ဆောင်ရွက်

ငပုတော  ဇန်နဝါရီ  ၃၀

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ငပုတောမြို့နယ်ရှိ ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေး အသိပညာပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက  ယနေ့နံနက်ပိုင်း ရပ်ကွက်အတွင်း စတင်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ငပုတောမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးမြင့်‌ဇော် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်အတွင်းရှိ လူနေအိမ်များအတွင်း မီး လောင်၊ မီးလန့်မှုများမဖြစ်ပွားစေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေးတို့အတွက် လျှပ်စစ်မီးသွယ်တန်းသုံးစွဲနေမှု အခြေအနေများ၊ မီးငြှိမ်းသတ်ရေးပစ္စည်းနှင့် မီးသတ်ဆေးဘူးများ ထားရှိဆောင်ရွက်ထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး၊ မီးစနစ်တကျ ဂရုပြုသုံးစွဲရေး၊  အမှိုက်နှင့် လောင်စာများအား စနစ်တကျစွန့်ပစ်ရေး၊ သဲအိတ်၊ ရေအိတ်များ၊ မီးချိတ်၊ မီးကပ်များ စနစ်တကျထားရှိရေးနှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက သက်ဆိုင်ရာမြို့နယ် မီးသတ်ဦးစီးဌာနသို့ အချိန်မီအကြောင်းကြားရေး တစ်အိမ်တက်ဆင်း လိုက်လံ အသိပေးပြောကြားခဲ့သည်။

ငပုတောမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများကိုလည်း ယခုကဲ့သို့ မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံအသိပညာပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အောင်သူ (ပြန်/ဆက်)