ကန်ကြီးထောင့်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်းကွင်းဆင်း စစ်ဆေးခြင်းများဆောင်ရွက်

ကန်ကြီးထောင့် ဇန်နဝါရီ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး ၍ မြို့နယ်အတွင်းရှိ ကျေးရွာ/ရပ်ကွက်များသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး တစ်အိမ်တက် ဆင်းကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၁၀)နာရီအချိန်က ကန်ကြီးထောင့်မြို့နယ်၊ ညောင်ငူ‌ကျေးရွာအတွင်းရှိ ဘုန်တော်ကြီးကျောင်းနှင့် နေအိမ်များအား လိုက်လံစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များက ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ လျှပ်စစ်မီးများအသုံးပြုရာ၌ မီးဘေး လုံခြုံရေးအလေးထားဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးနှင့် မီးသတ်ဆေးဘူးများ စီစဉ်ဆောင်ရွက်ထားရှိရန်၊ ထင်း၊ မီးသွေးများဖြင့် ချက်ပြုတ်ရာတွင် ထမင်းဟင်းများချက်ပြုတ်ပြီးပါက စနစ်တကျငြှိမ်းသက်ထားရှိရန် အချက်များ၊ ဖယောင်းတိုင်မီးများ၊ အမွှေးတိုင်မီးများနှင့် ခြင်ဆေးခွေများ  စနစ်တကျအသုံးပြုရန်နှင့် မီးဘး အန္တရာယ် ကြုံတွေ့ရပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ အချိန်နှင့် တစ်ပြေးညီသတင်း‌ပေးပို့ကြရန် စသည်တို့ကို ရပ်ကွက်နေပြည်သူများအား ဆွေးနွေးမှာကြား၍ နေအိမ်များအတွင်း မီးဘေးလုံခြုံ စိတ်ချရမှု ရှိ/မရှိတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)