တောင်ငူမြို့၌ ကျောင်းအခြေပြု ဆုံဆို့နာရောဂါနှင့် မေးခိုင်ရောဂါ (DT) ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများဆောင်ရွက်

တောင်ငူ ဇန်နဝါရီ ၃၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများသည် အသက် (၅) ပြည့်ပြီး (၇) နှစ်မကျော်သော KG ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့နာရောဂါနှင့် မေးခိုင်ရောဂါ (DT) ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ကျောင်းအခြေပြု ဆုံဆို့နာရောဂါနှင့် မေးခိုင်ရောဂါ (DT) ကာကွယ်ဆေး ထိုးနှံပေးရာတွင် အသက် (၅) နှစ်ပြည့်ပြီး (၇) နှစ်မကျော်သော KG ကျောင်းသားကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် ဆုံဆို့နာရောဂါနှင့် မေးခိုင်ရောဂါ ဖြစ်ပွားခြင်းကို ကာလရှည်ကြာ ကာကွယ်ပေးနိုင်ရန်၊ ကျောင်းအခြေပြုထိုးနှံခြင်းအားဖြင့် ဆုံဆို့နာရောဂါနှင့် မေးခိုင်ရောဂါ (DT) ကာကွယ်ဆေး လွှမ်းခြုံမှုမြင့်မားစွာရရှိနိုင်ရန်ရည်ရွယ်၍ ထိုးနှံပေးခြင်းဖြစ်ပြီး ဆုံဆို့နာရောဂါနှင့် မေးခိုင်ရောဂါကူးစက်ခံရပါက ကလေးငယ် (၁၀၀) ဦးတွင် (၅) ယောက်မှ (၁၀) ရောက်အထိ သေဆုံးနိုင်ကြောင်း သိရသည်။

အဆိုပါ ကျောင်းအခြေပြုဆုံဆို့နာရောဂါနှင့် မေးခိုင်ရောဂါ (DT) ကာကွယ်ဆေးထိုးနှံပေးခြင်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့မှစတင်၍ တောင်ငူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများရှိ အသက် (၅) နှစ်ပြည့်ပြီး (၇) နှစ်မကျော်သော KG ကျောင်းသားကျောင်းသူများအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဇော်ကိုကို (တောင်ငူ)