မင်းဘူး(စကု)မြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ စတင်မဲပေး

မင်းဘူး အောက်တိုဘာ   ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလတွင် အသက် ၆၀ နှင့်အထက် မဲပေးမည့်သူများနှင့် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများက ယမန်နေ့နံနက်ပိုင်း အချိန်မှစတင်ကာ ကြိုတင်မဲပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့မဲပေးရာတွင် “အသက်(၆၀)နဲ့အထက် မဲပေးမယ့်သူတွေအနေနဲ့ အသက်အရွယ် ကြီးရင့်ပြီး မဲရုံကိုမလာ ရောက်နိုင်သူတွေက ကြိုတင်ဆန္ဒမဲ ကောက်ယူပေးဖို့ အကြောင်းကြားပါက သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲဝင်တွေက အိမ်တိုင်ရာရောက် သွားရောက်ကောက်ယူပေး တာတွေကို လုပ်ဆောင်ပေးပါတယ်။  မဲရုံကိုလာရောက်နိုင်သူတွေနဲ့ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူတွေ ကတော့ သက်ဆိုင်ရာ ရပ်ကွက်နဲ့ကျေးရွာအသီးသီးမှာရှိတဲ့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွေမှာ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးကို အဖွဲ့ဝင်တွေက စီစဉ်ဆောင်ရွက်ပေးနေပါတယ်” ဟု မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲခွဲ့ရုံးမှ ဦးစီးအရာရှိ ဒေါ်ရည်မွန်ဖွေးက ရှင်းလင်းပြောကြားသည်။

ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာ ၂၉ ရက်နေ့မှစတင်ကာ နိုင်ဝင်ဘာလ ၅ ရက် နေ့အထိ မဲဆန္ဒရှင် မိဘပြည်သူများ အေးချမ်းလွတ်လပ်စွာ မဲပေးနိုင်ရေးနှင့် ကိုဗစ်-၁၉ ကာလ ဖြစ်သောကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စီစဉ်ဆောင် ရွက်ပေးလျက် ရှိကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၇၄)အုပ်စု၊ ကျေးရွာပေါင်း (၁၅၀) တွင် မဲရုံပေါင်း (၁၇၁) ရုံ စီစဉ်ဆောင်ရွက်ပေးထားကြောင်း၊ အသက် (၁၈)နှစ်နှင့်အထက် ဆန္ဒမဲပေးခွင့်ရှိသူ (၁၄၀၀၀၀) ကျော်ရှိပြီး အသက် (၆၀)နှင့် အထက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ (၂၁၀၀၀) ကျော် ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မောင်မောင်(မင်းဘူး)