ပေါင်းတည်၌ကျောင်းအခြေပြု KG ကျောင်းသား/ သူများအား ဆုံဆို့ - မေးခိုင် ကာကွယ်ဆေးထိုးနှံခြင်း လှုပ်ရှားဆောင်ရွက်

ပေါင်းတည် ဇန်နဝါရီ ၃၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက (KG) တန်းတွင် တက်ရောက်နေသော ကျောင်းသား/ သူများကို ကျောင်းအခြေပြု ဆုံဆို့ - မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကို ယနေ့နံနက် ၉ နာရီချိန်က မြို့ပေါ်အခြေခံပညာကျောင်းများတွင် စတင်လှုပ်ရှားဆောင်ရွက်ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ မြို့နယ်ဆရာဝန်မကြီး ဒေါက်တာ သန်းသန်းချစ်ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ အသက်(၇) နှစ် မကျော်သော (KG) တန်းတွင် တတ်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူလေးများအား ဆုံဆို့ - မေးခိုင် ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက အဖွဲ့ခွဲ၍ ကျောင်းများအလိုက် ထိုးနှံပေးလျက်ရှိကြောင်း၊ မြို့နယ်အတွင်း ကျောင်းများရှိ ကျန်ရှိသော KG ကျောင်းသား၊ ကျောင်းသူလေးများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)