ပွင့်ဖြူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင် (၅) ခုအား တင်ဒါ/ဈေးပြိုင် စနစ်ဖြင့် ဆက်လက်ရောင်းချ

ပွင့်ဖြူ ဇန်နဝါရီ ၃၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ရောင်းချရန်ရှိသည့် အရပ်ရပ်အခွင့်အရေးလိုင်စင် (၅) ခုအား တင်ဒါ/ ဈေးပြိုင်စနစ်ဖြင့် ယနေ့နံနက် (၁၀) နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အရပ်ရပ်အခွင့်အရေးလိုင်စင်များကို တင်ဒါ/ဈေးပြိုင်စနစ်ဖြင့်  လေလံရောင်းချပေးရာတွင် ရှေးဦးစွာ မြို့နယ်‌လေလံရောင်းချရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က တင်ဒါ/ဈေးပြိုင်စနစ်ဖြင့် ရောင်းချမည့် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်များနှင့်စပ်လျဉ်းပြီး ဝယ်ယူလုပ်ကိုင်မည့် လုပ်ငန်းရှင်များ သိရှိလိုက်နာရမည့် စည်းကမ်းချက်များနှင့် လုပ်ငန်းအကျိုးခံစားခွင့်များ အကြောင်းကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်လေလံရောင်းချရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများက ရောင်းချရန်ရှိသော အရပ်ရပ်အခွင့်အရေးလိုင်စင်များဖြစ်သည့် အခွန်ကောက်လုပ်ငန်းလိုင်စင် ၅ ခုအား တင်ဒါ/ဈေးပြိုင်စနစ်ဖြင့် ပွင့်လင်းမြင်သာစွာ လေလံဖွင့်လှစ် ရောင်းချပေးရာ တက်ရောက်လာသည့် လုပ်ငန်းရှင်များက သတ်မှတ်လေလံစည်းကမ်းချက်များနှင့်အညီ မိမိတို့ဆောင်ရွက်လုပ်ကိုင်လိုသည့် လုပ်ငန်းလိုင်စင်များကို ဝယ်ယူခဲ့ကြကြောင်း သိရသည်။

အဆိုပါ အရပ်ရပ်အခွင့်အရေးလိုင်စင်များကို ရောင်းချပေးရာတွင် အခွန်ကောက်လုပ်ငန်းလိုင်စင် (၅) ခုအနက် မြို့မဈေးကောက်လုပ်ငန်းနှင့် လမ်းဘေးဈေးကောက်လုပ်ငန်း (၂) ခုကိုသာ သတ်မှတ်ကြမ်းခင်း ဈေးပြည့်မီစွာ ရောင်းချပေးနိုင်ခဲ့ပြီး ရောင်းချရန် ကျန်ရှိသည့် အခြားလိုင်စင် (၃) ခုအား အခြားနည်းဖြင့် လေလံကြော်ငြာစာထုတ်ပြန်၍ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )