ထားဝယ်မြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာများရှိ ကော်မရှင်အဖွဲ့ခွဲရုံးမဲရုံများတွင် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်များ လာရောက်မဲပေး

ထားဝယ် အောက်တိုဘာ ၃၀

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ ကြိုတင် ဆန္ဒမဲများကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာများရှိ ကော်မရှင်အဖွဲ့ခွဲရုံးမဲရုံများ တွင် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူမဲဆန္ဒရှင်များ လာရောက်မဲပေးလျက်ရှိကြောင်း သိရှိရသည်။

ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမှာ  မဲဆန္ဒနယ်အတွင်း ရှိနေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မဲရုံသို့ ကိုယ်တိုင်လာရောက် ဆန္ဒမဲ မပေးနိုင်သူများ၊ အသက် ၆၀ နှစ် နှင့်အထက်မဲဆန္ဒရှင်များ၊ဆေးရုံတက်ရောက်နေသူများ၊ အချုပ်ခံနေရသူများ၊ နိုင်ငံ့တာဝန်ဖြင့်မဲဆန္ဒနယ်ကျော်လွန်၍ ခရီးသွားမည့် နိုင်ငံ့ဝန်ထမ်းများ၊ ရွေးကောက်ပွဲတာဝန် ထမ်းဆောင်မည့်သူများအား သတ်မှတ်ထားခြင်းဖြစ်ပြီး ကြိုတင်ဆန္ဒမဲလာရောက်ပေးသူများမှာ အသက် ၆၀ နှစ် နှင့် အထက်မဲဆန္ဒရှင်များနိုင်ငံ့တာဝန်ဖြင့် မဲဆန္ဒနယ်ကျော်လွန်၍ခရီးသွားမည့် နိုင်ငံ့ဝန်ထမ်းများ၊ ရွေးကောက်ပွဲတာဝန် ထမ်းဆောင်မည့်သူများ ဖြစ်ကြကြောင်း သိရသည်။

ထားဝယ်မြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စု (၄၃) အုပ်စု၊ မဲရုံပေါင်း (၁၀၄)ရုံ ရှိပြီး တိုင်းရင်းသားမဲဆန္ဒရှင် အပါအဝင် မဲဆန္ဒရှင်ဦးရေ တစ်သိန်းနှစ်သောင်း ကိုးထောင် ကျော်ရှိရာ အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်ဦးရေ တစ်သောင်း ရှစ်ထောင်နှစ်ရာနှစ်ဆယ်နှစ်ဦးရှိ၍ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများသည် အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ နံနက် ၈ နာရီမှ ညနေ ၆ နာရီ အတွင်း သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း သိရှိရသည်။

 

ကျော်ကျော်လတ်(ပြန်/ဆက်)