ကော့သောင်း ဇန်နဝါရီ ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက်ပိုင်း ၁၀ နာရီအချိန်က အ.လ.က(ခွဲ) ရွှေဇင်ယော် (၁) ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက ယနေ့ခေတ်လူငယ်နှင့် (Social media) အကြောင်း၊ အသိပညာဗဟုသုတများတိုးပွား၍ အမှား၊ အမှန်အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသည့် လူငယ်များဖြစ်လာစေရန် စာဖတ်သည့်အလေ့အကျင့်များ ပျိုးထောင်ရန်နှင့် လူငယ်ရေးရာသိသင့်သိထိုက်သည့် ဗဟုသုတအကြောင်းအရာများ ဟောပြောခဲ့ပြီး လူငယ်များအနေဖြင့် နိုင်ငံ့အကျိုးကိုသယ်ပိုးနိုင်မည့် သားကောင်းရတနာများဖြစ်လာစေရန်" စာအုပ်စာပေလူ့မိတ်ဆွေ" ဟူသည့်အတိုင်း အကျိုးရှိသောစာကောင်းပေမွန်များ ဖတ်ရှုကြရန်တိုက်တွန်း ပြောကြားခဲ့သည်။
ယင်းနောက် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူးဦးနိုင်ကျော်ဝင်းက လူငယ်များအနေနှင့် အသက်အရွယ်အလိုက် ကစားသင့်သည့် အားကစားများ၊ နည်းမှန်စနစ်မှန် ကစားရန်လိုအပ်သည့်အချက်များ၊ နွေရာသီကျောင်းပိတ်ရက်အတွင်း ဖွင့်လှစ်ပို့ချသွားမည့် အားကစားသင်တန်းများအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များသိသင့်သိထိုက်သည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် ဓာတ်ပုံများပြသထားရာ ကျောင်းသား/သူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)