ကျုံပျော်မြို့နယ်၌ ငါးမွေးမြူရန် လုပ်ကိုင်/လုပ်ပိုင်ခွင့်များအား တရားဝင်ရရှိစေရေးအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား ငါးမွေးတောင်သူများနှင့် တွေ့ဆုံရှင်းလင်း

ကျုံပျော် ဇန်နဝါရီ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ဦးဆောင်ကာ  ငါးမွေးတောင်သူများနှင့် တွေ့ဆုံ၍ ငါးမွေးမြူရန် လုပ်ကိုင်လုပ်ပိုင်ခွင့်များကို တရားဝင်ရရှိစေရေးအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျုံပျော်ခရိုင် ငါးလုပ်ငန်းဦးစီး ဌာနရုံး အစည်းအ‌ဝေးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ ကျုံပျော်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန တာဝန်ခံ ဦးသန်းအောင်မော်က ငါးမွေးမြူခြင်းဆိုင်ရာ အသိပညာ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် လုပ်ကိုင်/လုပ်ပိုင်ခွင့်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးတင်ဝင်းအောင်က လယ်ယာမြေကို ဥပဒေပုဒ်မ ၃၀(က)၊ (ခ) အရ  အခြားနည်းအသုံးပြုခွင့် လျှောက်ထားသည့် လုပ်ငန်းစဉ်များ၊ မြေအသုံးချမှုဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော ငါးမွေးတောင်သူများက ငါးမွေးကန်များ လုပ်ကိုင်ခွင့်၊ ပိုင်ဆိုင်ခွင့် ရရှိစေရေး ဆက်သွယ်ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် သိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။ အဆိုပါ တွေ့ဆုံရှင်းလင်းပွဲသို့ ဌာနတာဝန်ရှိသူများနှင့် မြို့နယ် အတွင်းရှိ ငါးမွေးတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)