ပွင့်ဖြူ အောက်တိုဘာ ၃၀
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့ မွန်းလွဲပိုင်းက ပွင့်ဖြူမြို့ ၊ (အ.ထ.က)ကျောင်း ယာယီ သီးခြားလူနာကုသဆောင်တွင် ထားရှိပြီး ဆေးကုသပေးနေသော ကိုဗစ်ပိုးတွေ့လူနာ (၆) ဦးအနက် အမျိုးသမီး(၃) ဦးအား ကိုဗစ် - ၁၉ ရောဂါပိုး သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့် ပြုလိုက်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင်ထံမှ သိရသည်။
အဆိုပါ ပိုးတွေ့လူနာ(၃)ဦးမှာ အောက်တိုဘာ (၁၁)ရက်နှင့် (၁၅)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်သာယာမြို့နယ် အထည်ချုပ်စက်ရုံမှ ၎င်းတို့ အစီအစဉ်ဖြင့် ကားငှား၍ ပြန်လည်ရောက်ရှိလာပြီး မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ စီစဉ် ထားရှိသော ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်း Facility Quarantine Centre တွင် အသွားအလာကန့်သတ်နေထိုင်ခဲ့ကြောင်း ၊ အောက်တိုဘာ (၁၈) ရက်နေ့တွင် မြို့နယ်အတွင်းရှိ Facility Quarantine Centre များရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရသူ (၃၇) ဦး အား ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ Swab နမူနာ ရယူ၍ ရန်ကုန်အမျိုးသားကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲမှုဌာန(NHL) သို့ ပေးပို့စစ်ဆေးခဲ့ရာ အောက်တိုဘာ (၂၀)ရက်နေ့တွင် လည်းကောင်း၊ အမျိုးသမီး(၃)ဦးတွင် ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ကျန်သည့် အသွားအလာကန့်သတ် စောင့်ကြည့်ရသူ (၃၄)ဦးတွင် ကိုဗစ် - ၁၉ ရောဂါပိုး မတွေ့ရှိကြောင်း သိရသည်။ ယင်းအမျိုးသမီး(၃)အား ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိခဲ့သဖြင့် ပွင့်ဖြူမြို့၊ (အ.ထ.က)ကျောင်း ယာယီသီးခြား လူနာကုသဆောင်တွင် ပြောင်းရွှေ့ဆေးကုသမှု ခံယူစေခဲ့ရာ ယနေ့ မွန်းလွဲပိုင်းက ကျန်းမာရေးကောင်းမွန်ပြီး ကိုဗစ် - ၁၉ ရောဂါ လက္ခဏာ မတွေ့ရဘဲ သတ်မှတ်ရက် ပြည့်မြောက်တာကြောင့် ဆေးရုံဆင်းခွင့် လက်မှတ်ထုတ်ပေးခဲ့ပြီး ယာယီသီးခြားလူနာကုသဆောင်မှ ဆင်းခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာ စိုးစိုးနိုင် က ပြောသည်။
ကိုဗစ် - ၁၉ ရောဂါပိုး သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ(၃)ဦးမှာ ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာအုပ်စု ၊ သိမ်ကုန်းကျေးရွာမှ အသက်(၁၉)နှစ်ရွယ် အမျိုးသမီး(၁)ဦး ၊ ဆည်မုန်းကျေးရွာအုပ်စု ၊ ရှားတောကျေးရွာမှ အသက်(၂၃) နှစ်အရွယ် အမျိုးသမီး(၁)ဦး ၊ အသက်(၁၉)နှစ်အရွယ် အမျိုးသမီး(၁) ဦးတို့ ဖြစ်ကြောင်း သိရကာ ယနေ့မွန်းလွဲပိုင်းက ပွင့်ဖြူမြို့၊ သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းမှ ပရဟိတအဖွဲ့ဝင်များက မော်တော်ယာဉ်ဖြင့် နေအိမ်အရောက် ပို့ဆောင်ပေးခဲ့ပြီး Home Quarantine (၇)ရက် ဆက်လက်နေထိုင်သွားရမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကျန်းမာရေးညွှန်ကြားချက်များနှင့် အညီ နေထိုင်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယနေ့အထိ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့လူနာ (၁၅)ဦး ရှိသွားပြီဖြစ်ပြီး ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ (၁၂)ဦးရှိပြီ ဖြစ်ကာ ပွင့်ဖြူမြို့၊ (အ.ထ.က)ကျောင်း ယာယီသီးခြား လူနာကုသ ဆောင်တွင် ကိုဗစ် - ၁၉ ပိုးတွေ့လူနာ (၃)ဦး ကျန်ရှိနေသေးကြောင်းနှင့် လက်ရှိတွင် ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )