မကွေးမြို့နယ်အတွင်း ကြိုတင်ဆန္ဒမဲများ စတင်ပေး

မကွေး အောက်တိုဘာ ၃၀

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်အတွင်း ယမန်နေ့နံနက် ၈ နာရီမှ စတင်ကာ ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ကြိုတင်ဆန္ဒမဲပေးခြင်း အနေဖြင့် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများနှင့် ရွေးကောက်ပွဲနေ့တွင် တာဝန်ထမ်းဆောင်ကြမည့်သူများ ကို ဦးစားပေး ကြိုတင်ဆန္ဒမဲပေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာလ ၈ ရက်နေ့ မတိုင်ခင် အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲ များကို ရပ်ကျေးကော်မရှင်ရုံးများမှာ လာရောက်ပေးနိုင်မှာဖြစ်ပြီး နာမကျန်းမာ ဖြစ်နေသူများ အတွက် အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲများကို ကောက်ခံသွားမည်ဖြစ်ကာ မကွေးမြို့ရပ်ကွက်များအတွင်း ကြိုတင်မဲရုံအသီးသီးမှာ ကိုဗစ်ကာလဖြစ်တာကြောင့် လူစုလူဝေးမဖြစ်အောင် စောင့်ဆိုင်းနေရာများ၊ လက်ဆေး နေရာများ၊လက်သန့်ဆေးရည် စသည့် သတ်မှတ်ချက် များနှင့် အညီ မဲရုံတာဝန်ကျသူများက ဆောင်ရွက် ပေးထားသည့်အတွက် ယနေ့နံနက်ပိုင်းတွင် အသက် ၆၀ နှင့် အထက်သက်ကြီးရွယ်အို အများအပြားလာရောက်၍ စိတ်အေးချမ်းသာစွာဖြင့် ဆန္ဒမဲပေးကြကြောင်း သိရသည်။

ရပ်ကျေးကော်မရှင်ရုံးတွေက ကြိုတင်ဆန္ဒမဲပေးမည့်သူတွေကို ရပ်ကွက်အပိုင်းအခြားအလိုက် စီစဉ်ပြီး အချိန်ခွဲကာ လူစုလူဝေးမဖြစ်အောင် ဆောင်ရွက်နေတာပါ၊ သက်ကြီးရွယ်အိုတွေ ဆန္ဒမဲပေးရမှာ အဆင်ပြေချောမွေ့ မှန်ကန်စွာ ဆန္ဒမဲပေးနိုင်အောင်လည်း ကူညီဆောင်ရွက်ပေး နေပါတယ်၊ တချို့မဲရုံတွေမှာတော့ မဲထည့်ရတဲ့ စာအိတ်ရဲ့ အခက်အခဲနဲ့ ကပ်ရတဲ့ကော် အဆင်မပြေမှုများ ရှိတာကြောင့် ပယ်မဲများ မဖြစ်စေရေးအတွက် မဲရုံတာဝန်ရှိသူများနှင့် မဲစာရင်းစောင့်ကြည့်လေ့လာရေးအဖွဲ့တွေက ဆောင်ရွက်ပေးနေကြပါတယ်ဟု နယူးမြန်မာ ဖောင်ဒေးရှင်းမှ ကာလရှည်စောင့်ကြည်ရေးအဖွဲ့ ဦးဝင်းဆွေက ပြောသည်။

မကွေးမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်  နိုင်ငံရေးပါတီ ၆ ခုက ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး   မဲဆန္ဒရှင်ပေါင်း နှစ်သိန်းလေးသောင်းကျော် ဝန်းကျင်ရှိပြီး မဲရုံစုစုပေါင်း(၂၆၃)ရုံနှင့် အသက်(၆၀)နှစ်နှင့် အထက် မဲဆန္ဒရှင်(၃၉၅၃၁)ဦး ရှိကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)