မြောက်ဥက္ကလာပမြို့နယ် အ.မ.က(၅)ကျောင်းသို့ ကိုရီးယားနိုင်ငံ Dan Kook University မှ ကျောင်းသား၊ ကျောင်းသူများ လာရောက်

မြောက်ဥက္ကလာပ  ဇန်နဝါရီ  ၈

ကိုရီးယားနိုင်ငံ Dan Kook University မှ ဆရာ Mr.Jin Kwang Min နှင့် ကျောင်းသား၊ ကျောင်းသူ (၂၆)ဦးတို့သည် ယမန်နေ့ နံနက် ၈ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး  မြောက်ဥက္ကလာပမြို့နယ် အ.မ.က(၅)ကျောင်းသို့ ရောက်ရှိရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများမှ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

အဆိုပါကိုရီးယားနိုင်ငံ Dan Kook University မှ ဆရာ Mr.Jin Kwang Minနှင့် ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းရှိစာသင်ခန်း(၁၂)ခန်း အတွင်းသို့ဝင်ရောက်၍  အ.မ.က(၅) ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ပန်းချီရေးဆွဲခြင်း၊ ဂိမ်းကစားခြင်း၊  ပန်းချီစာအုပ်များ လက်ဆောင်ပေးခြင်း၊  ကျောင်းအတွင်း၌ ဘောလုံးကစားခြင်းများ ပြုလုပ်ခဲ့ပြီး ကျောင်းနံရံ အုတ်တံတိုင်းများ ဆေးပြန်သုတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အ.မ.က(၅)၊ မြောက်ဥက္ကလာပ၌ ဆရာ/ဆရာမ(၁၂)ဦး၊ ကျောင်းသား/ကျောင်းသူ (၄၂၆)ဦးဖြင့် KG တန်းမှ စတုတ္ထတန်းအထိ ပညာသင်ကြားလျက်ရှိပြီး Dan Kook University မှ ကျောင်းသား၊ ကျောင်းသူများသည် ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် အဆိုပါကျောင်း၌ ပရဟိတ လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

                                                                                                           မြမြဝင်း(ပြန်/ဆက်)