ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံဖူးစားပြောင်း ၂၁၀၀ ဧက ရိတ်သိမ်းပြီးစီး

ပွင့်ဖြူ ဇန်နဝါရီ ၃၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးခဲ့သည့် ဖူးစားပြောင်းသီးနှံ ၂၁၀၀ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်းသီးနှံ စိုက်ဧက ၃၀၄၈ ဧက စိုက်ပျိုးရန် လျာထားပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းမှ စတင်စိုက်ပျိုးခဲ့ရာ မြေပြင်စိုက်ပျိုးနိုင်မှုဧက ၃၀၅၀ ဧက စိုက်ပျိုးနိုင်ခဲ့ကာ ယနေ့တွင် ဖူးစားပြောင်းသီးနှံစိုက်ဧက ၂၁၀၀ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

"ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အနေနဲ့ တစ်မြို့နယ် ဖူးစားပြောင်းသီးနှံစိုက်ဧက ၃၀၄၈ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာမှာ ဒီနေ့ထိ မြေပြင်စိုက်ပျိုးနိုင်မှုဧက ၃၀၅၀ ဧက စိုက်ပျိုးပြီးစီးခဲ့ပါတယ်။ ဖူးစားပြောင်း စိုက်ပျိုးချိန်မှာ လိုအပ်တဲ့ စိုက်ပျိုးနည်းပညာတွေ၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ဖို့နဲ့ သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းတွေကို စိုက်ပျိုးရေးဦးစီးဌာန တာဝန်ခံကွင်းဝန်ထမ်းများက မြေပြင်ကွင်းဆင်းကြီးကြပ်ပြီး ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ပါတယ်။ ယခုဆိုရင် ဒေသခံတောင်သူတွေ သီးနှံဝင်ငွေတိုးပွားရေး အားထားစိုက်ပျိုးတဲ့ ဖူးစားပြောင်းသီးနှံတွေဟာ ဖြစ်ထွန်းအောင်မြင်မှုရှိပြီး ရိတ်သိမ်းချိန်ရောက်ရှိလာပြီဖြစ်လို့ ဒေသခံတောင်သူတွေက ဒီဇင်ဘာလ ဒုတိယပတ်လောက်ကစပြီး ရိတ်သိမ်းခဲ့ရာ ယနေ့အထိ ဧက ၂၁၀၀ လောက် ရိတ်သိမ်းပြီးစီးသွားပြီဖြစ်ပါတယ်။ အထွက်နှုန်းအနေနဲ့က တစ်ဧကကို ပြောင်းဖူးအရေအတွက် ၁၅၀၀၀ ခန့် ထွက်ရှိပါတယ်။ ယခုနှစ်မှာ ဖူးစားပြောင်းသီးနှံက တစ်ဖူးကို ငွေကျပ် ၄၀၀၊ ၅၀၀ ကျပ်အထိ ရောင်းချရလို့ ဒေသခံတောင်သူတွေ စီးပွားရေး တွက်ခြေကိုက်ကြပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့သည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ဖူးစားပြောင်းသီးနှံ စိုက်ပျိုးရေးကို (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးကြပြီး အဓိက စိုက်ပျိုးသည့်  ဖူးစားပြောင်းမျိုးမှာ ရိုးရိုးသံကြားပြောင်းနှင့် အရပ်ခေါ် ပန်ရွှေသံကြားပြောင်းမျိုးကို စိုက်ပျိုးကြကြောင်း၊ ဖူးစားပြောင်းစိုက်ပျိုးခြင်းဖြင့် ပြောင်းဖူးရောင်းချရသည့်အပြင် ကျွဲ၊ နွား တိရစ္ဆာန်အစာအဖြစ် ရောင်းချရ၍ နှစ်သီးစား ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)