လိပ်သို ဇန်နဝါရီ ၃၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့အခြေခံပညာအထက်တန်းကျောင်း၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် ကျပန်းပြိုင်ပွဲကို သဇင်ဆောင်ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါနော်ဂျိုဝါးနာက ကျောင်းသား/ကျောင်းသူများအားအမှာစကားပြောကြားခဲ့ပြီး အထက်တန်းပြဆရာမ ဒေါ်လေးခင်ဖြိုးက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာများ၊ ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးအကြောင်းအရာများကို အကျယ်တဝင့် ဟောပြောခဲ့သည်။
ဆက်လက်၍ အထက်တန်းအဆင့် ကျပန်းပြိုင်ပွဲပြုလုပ်ရာ Grade-10 မှ စောဂေဘရယ်အောင်က “ပြည်ထောင်စုအမွေ ရှင်သန်စေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ နော်ဟေမာထွေးက “တွဲလက်ညီညီရှေ့သို့ချီ ပြည်ထောင်စုဆီတက်လှမ်းမည်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-10 မှ စောနေသူထက်က “ညီညွတ်စုစည်းပြည်ထောင်စုခရီး” ခေါင်းစဉ်ဖြင့်လည်းကောင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြ သည်။
ထို့နောက် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြို မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကျပန်း ပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား/ကျောင်းသူများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်ဂျိုဝါးနာက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)