ပေါက်ခေါင်းမြို့နယ်၌ နွေစပါးကို(Drum Seeder)လက်ဆွဲကောက်စိုက်စက်ကိရိယာဖြင့် တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုး

ပေါက်ခေါင်း ဇန်နဝါရီ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် နွေစပါးပန်းတိုင်အထွက်နှုန်းတိုးတက်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်၍  နွေစပါးကိုတိုက်ရိုက်မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စိုက်ပျိုးခြင်းကို ယမန်နေ့က ဝက်တိုးကျေးရွာတောင်သူဦးဌေးလွင်၏ လယ်မြေ(၃)ဧကတွင်ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးဖြိုးသူမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးမှူးဦးမင်းမင်းထွန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့များနှင့်တောင်သူများက ကြည့်ရှုအား‌ပေးခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမင်းမင်းထွန်းက နွေစပါးကိုလက်ဆွဲကောက်စိုက်စက်(Drum Seeder)မျိုးစေ့ချကိရိယာဖြင့် တိုက်ရိုက်အစေ့ချစိုက်ပျိုးနည်းဖြင့်စိုက်ပျိုးပါက ရရှိနိုင်မည့်အကျိုးကျေးဇူးများဖြစ်‌သော မျိုးစေ့နှုန်းထားလျော့ချနိုင်ခြင်း၊ လူတစ်ယောက်သာလိုအပ်သဖြင့် လုပ်အားကုန်ကျစရိတ်သက်သာခြင်း၊ အတန်းလိုက်စိုက်ပျိုးထားသဖြင့် ကြားပေါင်းလိုက် ကိရိယာအလွယ်တကူ ဝင်ရောက်အသုံးပြုနိုင်ခြင်း၊ ကောက်စိုက်စရိတ်သက်သာခြင်းတို့ကို ရှင်းလင်းပြောကြားသည်။ ယခုနှစ်တွင် နွေစပါးပန်းတိုင်အထွက်နှုန်းတိုးတက်ရေးအတွက် စပါးကြဲပက်ခင်းများအစား၊ မျိုးစေ့ချကိရိယာဖြင့်စိုက်ပျိုးခြင်းနှင့်ပျိုးထောင်စိုက်ပျိုးခြင်းတို့ဖြင့် စိုက်ပျိုးသွားမည်ဖြစ်ပြီး ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် တောင်နဝင်းရေလှောင်တမံနှင့်မြောက်နဝင်းရေလှောင်တမံဆည်ရေတို့ဖြင့် နွေစပါး ၁၁၃၄၄ ဧကလျာထားစိုက်ပျိုးမည်ဖြစ်‌ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)