မင်းဘူး(စကု)မြို့နယ်ရှိ ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်းက ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါး ဧက ၂၀၀ နှင့် အခြားသီးနှံဧက ၄၅၀ အတွက် စိုက်ပျိုးရေများ ပေးဝေသွားမည်

မင်းဘူး ဇန်နဝါရီ ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) လက်အောက်ရှိ ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်းက ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါး ဧက ၂၀၀ နှင့် အခြားသီးနှံ ဧက ၄၅၀ အတွက် စိုက်ပျိုးရေများ ပေးဝေသွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

“ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်းက ဒီနှစ်နွေသီးနှံ စိုက်ပျိုးရာသီမှာ နွေစပါးအတွက် စိုက်ပျိုးရေကို ယခုလ ၁၅ ရက်နေ့ကစတင်ပြီး ပေးဝေနေပါပြီ။ ဒါအပြင် နွေနှမ်း၊ နွေပဲတီစိမ်း၊ ဖူးစာပြောင်းနဲ့ အခြားသီးတွေအတွက်ကိုတော့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ စတင်ပေးဝေသွားမှာပါ။ ယခုလို စိုက်ပျိုးရေကို ရာသီမရွေး လုံလောက်စွာပေးဝေနိုင်ဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ၅၅၉ ဒသမ ၆၉ ကျပ်သန်းနဲ့ နေရောင်ခြည်စွမ်းအင်သုံး (၂၁၅)ကီလိုဝပ် ဆိုလာဓါတ်အားပေးစနစ်ကို ဖော်ဆောင်ပေးခဲ့တဲ့အတွက် မီတာယူနစ် ကုန်ကျစရိတ် သက်သာပြီးတော့ ဒေသခံတောင်သူတွေရဲ့ စိုက်ပျိုးရေးကဏ္ဍကို များစွာအထောက်အကူပြု အကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်။” ဟု မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ တာဝန်ခံ ဦးစီးအရာရှိ ဦးစိုးညွန့်လင်းက ပြောသည်။

မင်းဘူး(စကု)မြို့နယ်၊ ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်းရှိ အကျိုးပြုဧရိယာ (၇၅၅)ဧက အနက် ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ပျိုးရာသီတွင် မိုးစပါး ၅၂၅ ဧကနှင့် အခြားသီးနှံ ၂၃၀ ဧကကို စိုက်ပျိုးရေများ ဖြန့်ဝေဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင်လည်း နွေစပါး ဧက ၂၀၀ နှင့် အခြားသီးနှံ ဧက ၄၅၀ စုစုပေါင်း ဧက ၆၅၀ ကို လျာထားစိုက်ပျိုးသွားမည့်အပြင် နွေစပါး ဧက ၂၀၀ အနက် ဧက ၅၀ ကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)