တိုင်းဒေသကြီး ဝန်ကြီးချုပ် ပုသိမ်မြို့ကျက်သရေဆောင် သမိုင်းဝင်ရွှေမုဋ္ဌောမဟာ စေတီတော်မြတ်ကြီးနှင့် အရံစေတီတော်များ၊ ဆင်းတုတော်များ လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

ပုသိမ် ဇန်နဝါရီ ၃၀

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းတွင် ပုသိမ်မြို့ ကျက်သရေဆောင် သမိုင်းဝင်ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးနှင့် အရံစေတီတော်များ၊ ဆင်းတုတော်များ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပန်းရထားဖြင့် ရွှေဆိုင်းကပ်လှူနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဘုရားဖူးပြည်သူများမှ အလှူငွေလှူဒါန်းမှု အခြေအနေများမေးမြန်း ခဲ့ပြီး ပန်းရထားဖြင့်ရွှေ သင်္ကန်းကပ်လှူရာတွင် အဆင်ပြေစေရေး၊ အလှူငွေများအား စနစ် တကျမှတ်တမ်းထားရှိစေရေး မှာကြားခဲ့သည်။ ဆက်လက်၍ ရွှေမုဌော မဟာစေတီတော် မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေး ပြင်ဆင်ထားရှိမှုများ၊ ငှက်ပျော ဖူးတော်၊ ကြေးထီးတော်၊ ငွေထီးတော်၊ ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်များအား ရွှေသင်္ကန်းကပ်လှူနိုင်ရေး ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရွှေဆိုင်းများ၊ ရွှေပြားများကပ်လှူရာတွင် စနစ်တကျရှိစေရေး၊ အလှူရှင်အမည်များနှင့် ခုနှစ်သက္ကရာဇ်များ ထည့်သွင်းရေးထိုးစေရေးမှာကြားခဲ့သည်။ ထို့နောက် ရွှေမုဌောမဟာစေတီတော်မြတ်ကြီးအား လှည့်လည်ဖူးမြော်ကြည်ညိုခဲ့ပြီး ဘုရားတန်ဆောင်းများရှိ ရွှေဆေးများ သစ်လွင်တောက်ပမှု ရှိစေရေး ရှေးလက်ရာများ ထိခိုက်ပျက်စီးမှုမရှိစေရေး ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် မှတ်တမ်းမှတ်ရာများဖြင့် စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန်မှာကြားခဲ့သည်။

ဆက်လက်၍ ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ပုသိမ်မြို့၊ ရွှေပုသိမ် ဧည့်ရိပ်သာ၌ မြို့ပေါ်ရှိ မြို့မိ၊ မြို့ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဆွေးနွေးဆောင်ရွက်ခဲ့သည်။

ထို့သို့တွေ့ဆုံရာတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများနှင့် ပြည်သူများပူးပေါင်း၍ အင်တိုက်အားတိုက်ဖြင့် စနစ်တကျ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပညာရေးနှင့် ပတ်သက်ပါက အားကောင်းသော တိုင်းဒေသကြီးဖြစ်ပြီး ကျောင်းတက်ရောက်မှုအများဆုံး၊ ကျောင်းဖွင့်လှစ်မှုအများဆုံးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားသော တိုင်းဒေသကြီးလည်း ဖြစ်ပါကြောင်း၊ ရေခံမြေခံကောင်းမွန်ပြီး တည်ငြိမ်အေးချမ်းမှုရှိကာ ပညာရေးကဏ္ဍတိုးတက်မြင့်မား၍ လူ့စွမ်းအား အရင်းအမြစ် များစွာ မွေးထုတ်ရာ တိုင်းဒေသကြီးလည်းဖြစ်ပါကြောင်း၊ ယခုနှစ် Grade-12 တက္ကသိုလ်ဝင် စာမေးပွဲတွင် အောင်ချက်မြင့်မားလာစေရေးအတွက် တက္ကသိုလ်များမှ ပါမောက္ခများ၊ ကထိက များနှင့် အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ တွေ့ဆုံ၍ ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲများနှင့် အထက်တန်းကျောင်းအုပ်ကြီးများနှင့် အောင်ချက် မြင့်မားရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကိုလည်း  ပြုလုပ်ပေးခဲ့ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမျိုးသားရေးရည်မှန်းချက် နှစ်ရပ်ဖြစ်သည့် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေးနှင့် ပတ်သက်၍ စံပြတိုင်းဒေသကြီးဖြစ်ရန်နှင့် ပန်းတိုင်အထွက်နှုန်းများရောက်ရှိရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း မိုးစပါး၊ နွေစပါး ဧက ၅၂ သိန်းကျော်၊ ပဲမျိုးစုံ ဧက(၁၆) သိန်းကျော်နှင့် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာများစိုက်ပျိုးလျက်ရှိပါ ကြောင်း၊  ၂၀၂၅ ခုနှစ်တွင် ဆီဖူလုံရေး ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ Gasifier အသုံးပြု၍ ဆန်စက်များ လည်ပတ်လျက်ရှိရာ လျှပ်စစ်လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ MSME လုပ်ငန်းများအနေဖြင့် မိမိတို့တိုင်းဒေသကြီးမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အသုံးပြု၍ ထုတ်လုပ်လျက်ရှိပါကြောင်း၊ အားကစားကဏ္ဍ တိုးတက်မြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သစ်တောများ ပိုမိုစိုက်ပျိုး၍ သစ်တောပြုန်းတီးမှုမရှိစေရေးနှင့် သစ်တောဖုံးလွှမ်းမှု ဧရိယာများပြားစေရေး  ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့ပြလူနေမှုစနစ်အဆင့်အတန်း မြင့်မားရေးနှင့် မြို့ပြအိမ်ရာများ စနစ်တကျဖော်ဆောင်နိုင်ရေး၊ အများပြည်သူသွားလာ အပန်းဖြေအနားယူနိုင်ရန် အတွက် ကန်သုံးဆင့်ပန်းခြံစိမ်းလန်းစိုပြေစေရေး အဆင့်မြှင့်တင်ခြင်းနှင့် လျှောက်လမ်းများ တိုးချဲ့ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မြို့မိမြို့ဖများကလည်း မိမိတို့တိုင်းဒေသကြီး ဘက်စုံကဏ္ဍစုံ စနစ်တကျဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အကြံပြု ဆွေးနွေးပေးကြရန် ” ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့မိ၊ မြို့ဖများက ဒေသဖွံ့ဖြိုးရေး၊ မြို့သန့်ရှင်းသာယာလှပရေးများတွင် ပြည်သူများ ပူးပေါင်ဆောင်ရွက်မှု၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံပညာကျောင်း များတွင် ဆရာ၊ ဆရာမများအင်အားပြည့်ဝစွာ ဖြည့်တင်းပေးနိုင်ရေး၊ အားကစားကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အောင်မြင်မှုများ ရရှိနိုင်ရေး၊ ပုသိမ်မြို့ ရွှေပြည်သာဈေးအဆင့်မြှင့်တင်ပေးနိုင်ရေး၊ MSME  ထုတ်ကုန်ပြပွဲများတွင် ထုတ်ကုန်ပစ္စည်းအမယ်မျိုးစုံပါဝင်ပြသ၍ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဈေးရောင်းပွဲ များအဖြစ် ပြသရောင်းချနိုင်ရေး၊ ကုန်စည်ဒိုင်နှင့် ကားကြီးဝန်းဆောင်ရွက်ပေးနိုင်ရေး၊ ရေလမ်းကြောင်း ကုန်စည်သယ်ယူပို့ဆောင်ရေးများ အဆင်ပြေစေရေးအတွက် ဧရာဝတီမြစ်၊ ငဝန်မြစ်ရေလမ်းကြောင်းများ ပြုပြင်ပေးနိုင်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့်အပြင် Contract Farming စနစ်တို့ဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ပါက တောင်သူများအတွက် ပိုမိုအကျိုးပြုနိုင်မည့် အခြေအနေများအား ပြန်လည်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရ သည်။

လှမင်းထွဋ်(ပြန်/ဆက်)