သံတောင်ကြီး ဇန်နဝါရီ ၃၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်မြို့ဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် စိုက်ပျိုးရေးကို အဓိကလုပ်ဆောင်လျက်ရှိရာ လက်ဖက်စိုက်ပျိုးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
သံတောင်ကြီးမြို့သည် အမြင့်ပေ (၄၀၀၀) အထက်ရှိပြီး အအေးပိုင်းဒေသဖြစ်သည့်အတွက် လက်ဖက်ပင်များစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။ မိုးအကုန်ဆောင်းအကူး ပွင့်လင်းရာသီအချိန် ရောက်လာပြီဖြစ်သောကြောင့် လက်ဖက်စိုက်ပျိုးတောင်သူများအနေဖြင့် လက်ဖက်ရွက်အနုများ ခူးယူကာ လက်ဖက်ခြောက်(အကြမ်းခြောက်)များ ပြုလုပ်ရောင်းချလျက်ရှိသည်။
သံတောင်ကြီးမြို့သည် တောင်ပေါ်စခန်းမြို့ဖြစ်သည့်အလျောက် ကိုဗစ် ၁၉ ရောဂါမဖြစ်ပွားမီကာလတွင် ပြည်တွင်း/ပြည်ပခရီးသွားလာမှုများရှိသော်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ချိန်နှင့် ဖြစ်ပြီးချိန်နောက်ပိုင်းတွင် ခရီးသွားလာမှုမရှိတောသည့်အတွက် သံတောင်ကြီးဒေသထွက် သီးနှံများမှာ ဝယ်လိုအားကျဆင်းခဲ့သည်။ သို့သော်သံတောင်ကြီးဒေသထွက် လက်ဖက်ခြောက်များမှာ ပုံမှန်ဈေးနှုန်းဖြစ်သည့် တစ်ပိဿာကို ကျပ်(၇၀၀၀)မှ ကျပ်(၈၀၀၀)ထိ ရရှိသည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သည့် တောင်သူများမှာ လက်ဖက်များကို ပိုမိုစိုက်ပျိုးလာခဲ့ကြောင်း သိရသည်။
နော်နော်မူ