ဝေါ အောက်တိုဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် အသက်(၆၀)နှစ်နှင့်အထက်မဲဆန္ဒရှင်များ၊ ကော်မရှင်တာဝန်နှင့် မဲရုံတာဝန် ထမ်းဆောင်ကြမည့် နိုင်ငံဝန်ထမ်း များ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့နံနက် (၈)နာရီကစတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု မဲရုံအသီးသီးတွင် ဆောင်ရွက်ထားရှိပြီး ကြိုတင် ဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြသည်။
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ(၈)ရက်(တနင်္ဂနွေနေ့) တွင်ကျင်းပ သွားမည် ဖြစ်ရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များအနက် အသက်(၆၀)နှစ်နှင့်အထက်ရှိသူ (၁၉၆၀ပြည့်နှစ်နှင့် ယင်းနှစ်၏ရှေ့ပိုင်း မွေးဖွားသူ) မဲဆန္ဒရှင်များသည် မဲရုံသို့ ကိုယ်တိုင်လာရောက် ဆန္ဒမဲပေးနိုင်သော အခြေအနေမရှိသူများအနေဖြင့် ယနေ့မှစ၍ အောက်တိုဘာ(၅)ရက်နေ့အထိ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်ထားရှိပြီး အသက် (၆၀)နှစ် ပြည့်ပြီးသူများအပြင် ခရီးဝေးသွားရောက်မည့် နိုင်ငံ့ဝန်ထမ်းများ၊ ကော်မရှင်တာဝန်နှင့် မဲရုံတာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း သိရသည်။
ဝေါမြို့နယ်အတွင်းရှိရပ်ကွက်/ ကျေးရွာအုပ်စု(၆၄) အုပ်စုတွင်မဲရုံ(၁၁၆)ရုံထားရှိ သွားမည်ဖြစ်ပြီး မဲပေးနိုင်သူ (၁၅၀၉၅၇) ဦး ရှိရာ အသက် ၆၀ နှစ်နှင့် အထက် ကြိုတင်မဲလာရောက်ပေးနိုင်သူမှာ (၁၉၁၅၃) ဦး ရှိကြောင်း သိရပြီး မဲရုံအလိုက် ကြိုတင်ဆန္ဒမဲများပေးလျက်ရှိကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)