မြိတ် ဇန်နဝါရီ ၃၀
National ICT Awards - 2023 (Educational Project & Skills Competition) ပြိုင်ပွဲ၏ အထက်တန်းအဆင့်၌ ပထမဆုရရှိခဲ့သည့် အ.ထ.က(ပထက်) ကျောင်းမှ တနင်္သာရီတိုင်းဒေသကြီးကိုယ်စားပြု ကျောင်းသူမနီလာရွှေ Grade 11 အား နေပြည်တော်မှ ဆုယူပြီး ပြန်လည်ရောက်ရှိလာရာ မြိတ်လေဆိပ်တွင် ယနေ့နံနက်ပိုင်းက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
National ICT Awards - 2023 (Educational Project & Skills Competition) ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်အဆင့်အလိုက် ဆုရရှိခဲ့ကြသည့်ပြိုင်ပွဲဝင်များကို နေပြည်တော်တွင်ကျင်းပသည့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်းများတည်ထောင်ခြင်း “၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ်” အခမ်းအနားတွင် အဆိုပါပြိုင်ပွဲ၏ အထက်တန်းအဆင့်၌ တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ခဲ့သည့် အ.ထ.က (ပထက်) ကျောင်းမှ ကျောင်းသူသည် ပထမဆုရရှိခဲ့ခြင်းဖြစ်သည်။
National ICT Awards-2023 ပြိုင်ပွဲ၏ အထက်တန်းအဆင့်၌ ပထမဆုရရှိခဲ့ပြီး ပြန်လည်ရောက်ရှိလာသည့် ကျောင်းသူအား မြိတ်ခရိုင်ပညာရေးမှူး ဒေါ်လှလှအေးနှင့်တာဝန်ရှိသူများ၊ အ.ထ.က(ပထက်) ကျောင်းအုပ်ဆရာမကြီး ဒေါ်မေမြင့်လွင်၊ ဆရာ/မများနှင့် ကျောင်းသား/သူများက ဂုဏ်ပြုပန်းစည်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)