တောင်တွင်းကြီး အောက်တိုဘာ ၃၀
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က ၂၀၂၀ ပြည့်နှစ် နို၀င်ဘာလ(၈)ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်မှုများကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး တင်မောင်ညိုက ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခွင့်နှင့် ပတ်သက်သည့် ကိစ္စရပ်များကိုလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သာက လက်ရှိ ထွက်ပေါ်လာ သော ညွှန်ကြားချက်များသည် အရေးကြီးပါကြောင်းနှင့် လက်ရှိထုတ်ပြန်ထားသော ဒေသန္တရအမိန့်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်ကို လည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့၀င် ဦး၀င်းလေးက ရွေးကောက်ပွဲအား အခက်အခဲမရှိ၊ အဆင်ပြေပြေချောချောမွေ့မွေ့နှင့် အောင်မြင်စွာ ကျင်းပသွားနိုင်ရေးအတွက် ပါတီအချင်းချင်းကလည်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားကြရန်များကို ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာသော နိုင်ငံရေးပါတီများက သိရှိလိုသည်များကို မေးမြန်းကြရာ တာ၀န်ရှိသူများက အသီးသီးပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ၀င်များ စုံညီစွာတက်ရောက်ခဲ့ကြကြောင်း သိရသည်။
အေးမိုးမိုးမြင့်(ပြန်/ဆက်)