ပလောက်မြို့တွင်(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရပ်ကွက်/ကျေးရွာအုပ်စု ဖိတ်ခေါ်အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပလောက် ဇန်နဝါရီ  ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရပ်ကွက်/ကျေးရွာအုပ်စု ဖိတ်ခေါ် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို  ယနေ့နံနက် ၇ နာရီအချိန်က  ပလောက်မြို့၊ မြို့မအားကစားဘောလုံးကွင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ စစ်ကြောင်းမှူးမှဦးဆောင်၍ ဘောလုံးအသင်းများကွင်းအတွင်း စစ်ကြောင်းပုံစံဖြင့်ချီတက်အလေးပြု နေရာယူပြီးဘောလုံးအသင်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အားကစား ဝါသနာရှင်များအားလုံး နိုင်ငံတော်အလံအား အလေးပြုပြီး တပ်နယ်မှူး ဗိုလ်မှူးချုပ် ရဲကျော်ကျော်မှ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ရပ်ကွက်/ကျေးရွာအုပ်စု ဖိတ်ခေါ် အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်ပြီး အဖွင့်အမှာစကားပြောကြားခြင်းနှင့် အားကစားသမားများအနေဖြင့် စည်းကမ်းရှိရှိ စနစ်တကျ ယှဉ်ပြိုင်ကြရန်၊ အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းပြောကြားပြီး ဘောလုံးအားကစားအသင်းများက ကွင်းအတွင်းမှပြန်လည် ထွက်ခွာခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ဘောလုံးအားကစားပြိုင်ပွဲတွင် ပလောက်မြို့အတွင်းရှိ ရပ်ကွက်ကျေးရွာ၊ အုပ်စုအသီးသီးမှ ဘောလုံးအသင်း(၁၁)သင်းမှ ဝင်ရောက်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယနေ့ဖွင့်ပွဲအပြီးတွင် အမှတ်(၄)ရပ်ကွက်အသင်းနှင့်အမှတ်(၂)ရပ်ကွက်အသင်းတို့မှ ပွဲဦးထွက် ယှဉ်ပြိုင်ကစားကြရာ တပ်နယ်မှူးနှင့် တာဝန်ရှိသူများ၊ မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

နှင်းမြူလွင် (ပလောက်)