လိပ်သို ဇန်နဝါရီ ၃၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာများမှာ တောင်ကုန်းတောင်တန်း ထူထပ်ပေါများသည့် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဥယျာဉ်ခြံလုပ်ငန်းအပြင် တောင်ယာလုပ်ငန်းကိုလည်း တွဲဖက်လုပ်ကိုင်ကြရာ တောင်ယာခင်းများတွင် သီးညှပ်စိုက်ပျိုးထားသော ကျောက်ဖရုံသီးများ ဆွတ်ခူးရောင်းချချိန် ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
ဒေသခံများမှာ ယခင်က ကျောက်ဖရုံသီးများကို မိမိတို့၏ အိမ်ခြံဝင်းအတွင်းတွင် မိသားစုစားသုံးရန်နှင့် လက်ဆောင်ပေးရန်အတွက်သာ စိုက်ပျိုးခဲ့ကြသော်လည်း ယခုအခါ စားသုံးသူများပြားလာ၍ ဈေးကောင်းရရှိလာသောကြောင့် အိမ်ခြံဝင်းအတွင်းသာမက တောင်ယာခင်းများတွင်ပါ တနိုင်တပိုင်စိုက်ပျိုးလာကြပြီး လိပ်သိုမြို့ပေါ်သို့ လာရောက်ရောင်းချကြရာ ကျောက်ဖရုံသီး အလုံးအကြီး/အသေးပေါ်မူတည်၍ (၁၅၀ဝိ/-) ကျပ်မှ (၂၀၀ဝိ/-) ကျပ်အထိ ဈေးရရှိနေကြောင်း ကျောက်ဖရုံသီးလာရောက်ရောင်းချသူ တစ်ဦးထံမှ သိရသည်။
လိပ်သိုဒေသရှိ တောင်သူများမှာ မိမိတို့၏တောင်ယာမြေတို့တွင် သီးညှပ်သီးနှံအဖြစ် သခွားသီး၊ ရွှေဖရုံသီး၊ ကျောက်ဖရုံသီး၊ ငရုတ်၊ မုန်ညှင်း၊ ချဉ်ပေါင်၊ ခဝဲ၊ ဘူးသီးတို့ကို တနိုင်တပိုင် အားထားစိုက်ပျိုးကြပြီး ထွက်ရှိလာသည့်သီးနှံများအား မိသားစုအပိုဝင်ငွေရရှိစေရန်အတွက် လိပ်သိုမြို့ပေါ်သို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)