မြိတ်မြို့နယ်တွင် အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များအား ကြိုတင်ဆန္ဒမဲများပေးခြင်း စတင်ဆောင်ရွက်

မြိတ်   အောက်တိုဘာ   ၃၀

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ()ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက်   အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင်များအား မြိတ်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ရွေးကောက်ပွဲ ကော် မရှင်အဖွဲ့ခွဲရုံးများ၌ ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ကြိုတင်ဆန္ဒမဲပုံးများကို လုံခြုံရေးကြိုးတပ်ဆင်၍ ကြိုတင် ဆန္ဒမဲပေးခြင်းကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ ဒီနေ့ ကော်မရှင်အဖွဲ့ခွဲရုံးမှာ မဲရုံ(၄)ရုံ ကြိုတင်ဆန္ဒမဲ စပေးပါတယ်။ အသက်(၆၀)နှစ် ကြိုတင်ဆန္ဒမဲ လာပေးရင်းနဲ့ အိမ်မှာ အသက်(၈၀)ကျော် အဖိုးအဖွားတွေရှိတယ်။ သက်ကြီးရွယ်အိုတွေ ကျန်းမာရေးမကောင်း တဲ့သူတွေ ကိုယ်ခန္ဒာမသန်စွမ်းဖြစ်နေတဲ့သူတွေရှိတယ်။ စာရင်းလာပေးတဲ့သူတွေကို အိမ်တိုင်ယာရောက် ကော် မရှင် တာဝန်ရှိသူတွေ၊ မဲရုံတာဝန်ရှိသူတွေ၊ အထူးရဲတပ်ဖွဲ့ဝင်၊ ပါတီကိုယ်စားလှယ်လောင်းရဲ့ကိုယ်စားလှယ်တွေနဲ့ စည်းမျဉ်း စည်းကမ်းနဲ့အညီ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေးဆောင်ရွက်လျက်ရှိပါတယ် ” ဟု ကန်ခေါင်းရပ်ကွက် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအေးကိုကို က ပြောကြားခဲ့သည်။

အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင်များအား ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာလ(၂၉)ရက်မှ နိုဝင် ဘာလ(၅)ရက်နေ့အထိ သတ်မှတ်ထားရှိရာ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်များ ကြိုတင် ဆန္ဒမဲပေးနိုင်ရေးအတွက် တာဝန်ရှိသူများက အိမ်တိုင်ယာရောက် လိုက်လံအကြောင်းကြားထားရှိပြီး ကြိုတင် ဆန္ဒမဲ လာရောက်ပေးကြသူများအား စနစ်တကျ မဲပေးနိုင်ရေးအတွက် တာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေး လျက်ရှိကြသည်။

“ ရပ်ကွက်မှာ မဲရုံ(၃၀)ရှိပါတယ်။ ရပ်ကွက်များအလိုက် အသက်(၆၀)နှစ်အထက်  ကြိုတင်ဆန္ဒပေးနိုင်ရေး အတွက် ကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနဲ့ ကြိုတင်ဆန္ဒမဲပေးနိုင်တဲ့ ရက်နေ့အချိန်တို့ကို အကြောင်းကြားပါတယ်။ မသန်စွမ်းတွေကို နိုဝင်ဘာလ(၄)ရက်နဲ့(၅)ရက်မှာ အိမ်တိုင်ယာရောက် ဆောင်ရွက် မယ်။ အချုပ်သားနဲ့ ဆေးရုံတက်သူတွေကို နိုဝင်ဘာလ(၄)ရက်နဲ့(၅)ရက်မှာ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင် ရွက်ပါ့မယ်”ဟု မြိတ်တောင်ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိန်မောင်က ပြောကြားခဲ့သည်။

မြိတ်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၃၄)ခုရှိပြီး ဒုတိယအကြိမ် မဲဆန္ဒရှင်ဦးရေစာရင်း ကပ်ထား ကြေညာချက်အရ (၂၂၁၅၉၃)ဦးရှိကြောင်း၊ မြိတ်မြို့နယ်တွင် အသက်(၆၀)နှစ်နှင့်အထက်  ကြိုတင်ဆန္ဒမဲပေးမည့် လူဦးရေစာရင်း(၁၄၀၀၀)ခန့်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ခိုင်ထူး(ပြန်/ဆက်)