ပေါက်ခေါင်းမြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပနိုင်ရေးနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပေါက်ခေါင်း ဇန်နဝါရီ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပနိုင်ရေးနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က ၂၀၂၄-ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်‌ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနား‌ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ စာပေပြိုင်ပွဲ၊ အားကစားပြိုင်ပွဲအမျိုးစားများနှင့် ဆုချီးမြှင့်ပေးရန်နှင့် ပြည်‌ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားသို့ တက်ရောက်မည့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်နိုင်ရေး ကြိုတင်ဖိတ်ကြားဆောင်ရွက်ထားရှိနိုင်ရန်အတွက် မြို့နယ်ဌာနဆိုင်ရာများအား ခေါ်ယူ၍ ညှိနှိုင်းဆွေးနွေးခြင်းဖြစ်ကြောင်းနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြရန်မှာကြားသည်။ ဆက်လက်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် MSME လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးအောင် ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများ၊ စိုက်ပျိုးရေးနှင့် ပက်သက်၍ ယခုနှစ်နွေစပါးပန်းတိုင်အထွက်နှုန်းတိုးတက်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်စိုက်/ ကြပ် အဖွဲ့ဝင်များက မိမိတို့တာဝန်ကျသည့် စိုက်ကွင်းများကို ကြီးကြပ်ဆောင်ရွက်ကြပါရန်နှင့် မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ကျေးရွာကုန်ထုတ်လမ်းများ ဘေးဝဲယာတွင် အရိပ်ရပင်နှင့် သီးပင်၊ စားပင်များ စိုက်ပျိုးနိုင်ရန်အတွက် ပျိုးထောင်ထားရှိရန်တို့ကို မှာကြားသည်။

ယင်းနောက် တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပနိုင်ရေးအတွက် ကော်မတီများဖွဲ့စည်းပြီးစီးမှု၊ အခမ်းအနားပြင်ဆင်‌ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီများနှင့် စာပေပြိုင်ပွဲအမျိုးအစားများ ကျင်းပပြုလုပ်သွားမည့် အစီအစဉ်များကို သက်ဆိုင်ရာကော်မတီများအလိုက် ပြောကြားပြီး၊ မိမိဌာနလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)