လိပ်သိုမြို့ လမ်းဦးစီးဌာနမှ သံမိုးတောင်-ပိန်းသီလာလမ်းပိုင်းတွင် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီး

လိပ်သို   ဇန်နဝါရီ   ၃၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ လမ်းဦးစီးဌာနသည် လမ်းများ ကာလတာ ရှည်ခံအသုံးပြုနိုင်ရန် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ အသစ်တည်ဆောက်ပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ သံမိုးတောင်-ပိန်းသီလာ လမ်းပိုင်းရှိ လိုအပ် သောနေရာများတွင် Box Culvert (တံတားငယ်လေး)များ (၄) ခု အသစ်တည်ဆောက်ပေးခြင်း၊ လမ်းပေါက်များ ဖာထေးခြင်း၊ ရေပိတ်လွှာ နိမ့်မြင့်ညှိ ကတ္တရာခင်းခြင်းလုပ်ငန်းများမှာ ယခုအခါ ပြီးစီးသွားပြီဖြစ်၍ ဒေသနေပြည်သူများ သွားလာသယ်ယူပို့ဆောင်မှု ပိုမိုအဆင်ပြေလျက်ရှိကြောင်း သိရသည်။

အဆိုပါလမ်းပိုင်းမှာ (၁၂) မိုင်ရှည်လျားပြီး လိပ်သိုမြို့နှင့် ရေတာရှည်မြို့နယ်တို့၏ နယ်နမိတ်ခြင်း ထိစပ်လျက်ရှိသော လမ်းကြောင်းပေါ်တွင် ဖောက်လုပ်ထားကာ တောင်ငူ-လွိုင်ကော် ပြည်ထောင်စုလမ်းနှင့် သံမိုးတောင်ကျေးရွာတွင် ဆက်သွယ်ပေးထားသည်။

လမ်းတည်ရှိရာနယ်မြေအတွင်းရှိ ကျေးရွာများမှ ပြည်သူများမှာ အဆိုပါ လမ်းမှ တစ်ဆင့် ပြည်ထောင်စုလမ်းမကြီးကို အသုံးပြုကာ အခြားမြို့ကြီးများသို့ ကူးသန်းသွားလာကြပြီး ဒေသထွက်ကုန်သီးနှံများကို ပို့ဆောင်ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)