မင်းတပ်ခရိုင် ပြည်သူ့ဆေးရုံရှိ ကန့်သတ်စောင့်ကြည့်ထားသည့်နေရာ(Quarantine Center) မှ စောင့်ကြည့်ထား ရှိသူများ ကြိုတင်ဆန္ဒမဲပေး

မင်းတပ် အောက်တိုဘာ ၃၀

မင်းတပ်မြို့ခရိုင်ပြည်သူ့ဆေးရုံ Quarantine Center ၌ သံသယစောင့်ကြည့်လူနာအဖြစ် ကျန်းမာရေး စောင့်ရှောက်မှု ခံယူသူများသည် ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က အဆိုပါQuarantine Center ၌ ကြိုတင်ဆန္ဒမဲပေးခဲ့ကြသည်။

မင်းတပ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက နိုဝင်ဘာလ(၈)ရက်နေ့ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် Facility Quarantine ဝင်ရောက်နေသူများ၏ ဆန္ဒမဲပေးပိုင်ခွင့်ဆုံးရှုံးမှု မရှိစေရေး ဆောင်ရွက် လျက်ရှိရာ ခရိုင်ပြည်သူ့ဆေးရုံ Quarantine Center မှ လူနာ(၂)ဦး ကြိုတင်ဆန္ဒမဲပေးခဲ့ကြခြင်း ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကီးအွမ်ထံမှ သိရသည်။

မင်းတပ်မြို့ပေါ်(၄)ရပ်ကွက်ရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ အသက်(၆၀)နှင့် အထက် ဘိုးဘွားများနှင့် ရွေးကောက်ပွဲနေ့တွင် တာဝန်ထမ်းဆောင်မည့်သူများသည် ယနေ့ နံနက်(၈)နာရီအချိန်က စ၍ ကြိုတင်ဆန္ဒမဲပေးလျက်ရှိသည်။

ဆလိုင်းအောင်(ပြန်/ဆက်)