နတ်မောက် ဇန်နဝါရီ ၃၀
မကွေးတိုင်းဒေသကြီး အညာဒေသတခွင်ရှိ ယာခင်းချောင်းခင်းများ၊ လယ်ယာများပေါ်တွင် အလေ့ကျပေါက်သည့် ဆီးသီးများ ကောက်ယူရောင်းချကြသူများ တစ်ပိုင်တစ်နိုင်မိသားစု ဝင်ငွေတိုးကာ အဆင်ပြေလျက်ရှိသည်။
ဆီးသီးပေါ်ချိန်တွင် တောင်သူများ မိမိတို့စိုက်ပျိုးထားသည့် သီးနှံများစိုက်ခင်းများသို့ သွားရောက်ရာ၌ အချိန်မကုန်စေဘဲ အလွယ်တကူကောက်ယူ၍ ရောင်းချနိုင်သဖြင့် တောင်သူများအတွက် တစ်ပိုင်တစ်နိုင်မိသားစုဝင်ငွေ ရရှိကြကြောင်းသိရသည်။
“ ဆီးသီးကောက်ရောင်းကြတဲ့သူတွေအတွက် တွက်ချေကိုက်တယ်။ ပွဲစားတွေအနေနဲ့လည်း လှောင်နိုင်ရင် အဆင်ပြေတယ်။ တစ်တင်းကို အလုံးလှပြီးကြီးရင် ၁၂၀၀၀၊ ပုံမှန်ဆို ၁၁၀၀၀နှုန်း ပေးပြီး ဝယ်ပါတယ်။ ကလေးကောက်ကောက်၊ လူကြီးကောက်ကောက် သုံးတင်းလောက်ရကြတာဆိုတော့ မိသားစုအတွက် တစ်ပိုင်တစ်နိုင်ဝင်ငွေတိုးတာပေါ့” ဟု နတ်မောက်မြို့မှ ဆီးသီးရောင်းဝယ်ရေးသည့် အောင်မိသားစုပွဲရုံက ပြောသည်။
အဆိုပါ ဝယ်ယူသည့် ဆီးသီးများကို ရန်ကုန်အစားလိုင်းသီးသန့်နှင့် ကြိတ်ခွဲစက်များသို့ပို့ဆောင်ရောင်းချကြကြောင်းသိရသည်။
သိမ့်သိမ့်မိုး