နွေစပါးစိုက်ပျိုးသူတိုင်း ပန်းတိုင်အထွက်နှုန်းရရှိရေး ပူးပေါင်းဆောင်ရွက်လျက်ရှိ

ပေါင်းတည် ဇန်နဝါရီ ၃၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ ပြည်သူများ စားနပ်ရိက္ခာဖူလုံရေးနှင့် တောင်သူလယ်သမားများ လူနေမှုဘဝတိုးတက်လာစေရေးတို့အတွက် နွေစပါးစိုက်ပျိုးသူတိုင်း တစ်ဧက တင်းတစ်ရာနှင့်အထက် ထွက်ရှိရေးကို စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့များနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇန်နဝါရီ ၂၅ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ နွေစပါးကိုပန်းတိုင်အထွက်နှုန်း တင်းတစ်ရာပြည့်မီကျော်လွန်အောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တောင်သူပညာပေးနှင့် ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ခဲ့ပြီးနောက် စီမံကိန်းလုပ်ငန်းအောင်မြင်ရေးအတွက် တောင်သူများ၏ တင်ပြချက်များမှ လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ မြေမှန်၊ မျိုးမှန်၊ ရေမှန်ရေးအတွက် မြို့နယ်စိုက်ပျိုးကြီးကြပ်မှုကော်မတီမှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယနေ့ နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးနှင့်ကြီးကြပ်မှုကော်မတီဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်သည် အဖွဲ့ဝင်များလိုက်ပါလျက် စီမံကိန်းစိုက်ကွင်းများရှိသော ကြူတောကန်အုပ်စုကျေးရွာများသို့ ကွင်းဆင်းကာ တောင်သူများနှင့်တွေ့ဆုံလျက် လယ်ယာထုတ်ကုန်မြင့်မားတိုးတက်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးဟောပြောရာ နိုင်ငံတော်မှ ပေးအပ်သော တာဝန်ဖြစ်၍ တစ်နိုင်ငံလုံး အကျိုးစီးပွားဖြစ်ထွန်းရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး နွေစပါးစိုက်ပျိုးထုတ်လုပ်ရေး စီမံကိန်းကိုတောင်သူများအနေဖြင့် ကော်မတီအဖွဲ့၊ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ကာ အားသွန်ခွန်စိုက် ကြိုးပမ်အားထုတ်ကြရမည်ဖြစ်ကြောင်းကို လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)