ပွင့်ဖြူ ဇန်နဝါရီ ၃၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အစားအစာဘေးကင်းလုံခြုံစေရန်နှင့် FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက် ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေးရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဈေးကော်မတီဝင်များနှင့် ဈေးဝန်ထမ်းများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ကာ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသောက်ကုန်ပစ္စည်းများ ရောင်းချရာ၌ FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်းမပြုရန်နှင့် ကျန်းမာရေးထိခိုက်စေနိုင်သည့် သက်တမ်းလွန်နေသော စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်းမပြုရန်တို့ကို အသိပညာပေး ဆွေးနွေးပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများအဖွဲ့က မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရေးအတွက် ကုန်စုံဆိုင်များတွင် စားသုံးရန်မသင့်သော စားသောက်ကုန်ပစ္စည်းနှင့် သက်တမ်းလွန်နေသော စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရေးအတွက် ယခုကဲ့သို့ ကျန်းမာရေးဆိုးကျိုးဖြစ်စေသည့် စားသောက်ကုန်ပစ္စည်းများ ဈေးကွက်၌ ဖြန့်ဖြူးရောင်းချမှု မရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ ပွင့်ဖြူမြို့မစည်ပင်သာယာဈေးအပါအဝင် မြို့ပေါ်ရပ်ကွက်ရှိ ကုန်စုံဆိုင်များအား စဉ်ဆက်မပြတ် ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)