သာပေါင်းမြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဂုံမင်းကျေးရွာအုပ်စု၊ အမှတ် (၁၂) မြောင်းကူးကွန်ကရစ် (ကုန်ထုတ်တံတား) တည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေး

သာပေါင်း ဇန်နဝါရီ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဂုံမင်းကျေးရွာအုပ်စု၊ သဲဗွက်ကျေးရွာ၌ အမှတ် (၁၂) မြောင်းကူးကွန်ကရစ် (ကုန်ထုတ်တံတား) တည်ဆောက်ရေးလုပ်ငန်းခွင်အား မြိုနယ်တည်ဆောက်ရေးလုပ်ငန်း စစ်ဆေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဇန်နဝါရီ ၂၈ နေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြိုနယ်တည်ဆောက်ရေးလုပ်ငန်း စစ်ဆေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အဖွဲ့ဝင်(၂)ဦးကျော်တိုးနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးမှူးဦးဇော်ဇော်နိုင်တို့က ဂုံမင်း ကျေးရွာအုပ်စု၊ သဲဗွက် ကျေးရွာတွင် ဆည်မြောင်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေ ငွေလုံးငွေရင်းခွင့်ပြုငွေ (၆၅) သန်းဖြင့်B.B.B ကုမ္ပဏီမှ အမှတ် (၁၂) မြောင်းကူး (၄၀ ပေx ၁၄ ပေ) RCကွန်ကရစ်တံတား (ကုန်ထုတ်တံတား) တည်ဆောက် ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးပြီး စံချိန်စံညွှန်းပြည့်မီရေး၊ အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ပစ္စည်းအလေအလွင့်မရှိရေးတို့ကို မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)