စလင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

စလင်း ဇန်နဝါရီ  ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်  စလင်းမြို့နယ်၌  ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူနိုင်ရေးအတွက်  အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းများကို ဇန်နဝါရီလ(၁၈)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်သန်းခေါင်စာရင်း  ကောက်ယူနိုင်ရေးလုပ်ငန်းများအတွက်  ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများဖြစ်သည့် အဆောက်အအုံစာရင်း  မှတ်တမ်းတင်ခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန. စလင်းမြို့နယ်  ဦးစီးအရာရှိ ဦးတင်အေး၏ ဦးဆောင်စီစဥ်မှုဖြင့် အဖွဲ့များခွဲ၍ တစ်ဖွဲ့လျှင် ကောက်ကွက်တစ်ကွက်သတ်မှတ်ကာ  ဆောင်ရွက်ခြင်းဖြစ်ပြီး နေ့စဥ်တာဝန်ကျအဖွဲ့များက ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီမှစ၍ မြို့ပေါ်(၈)ရပ်ကွက်ရှိ အဆောက်အအုံမှတ်တမ်းတင်ခြင်းကို  အဖွဲ့များခွဲ၍  ကွင်းဆင်းကောက်ယူ ဆောင်ရွက်ကြကြောင်း  သိရသည်။

အဆောက်အအုံမှတ်တမ်းတင်ခြင်းကို ဇန်နဝါရီလ(၁၈)ရက်နေ့မှ  စတင်ကောက်ယူခဲ့ရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ  ဦးတင်အေးနှင့် ဝန်ထမ်းများ  သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ  ရပ်ကျေးစာရေးများနှင့်  ရာအိမ်မှူးများက ဆောင်ရွက်ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့်  စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ  လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။ စလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက်အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းအား ဇန်နဝါရီလ (၁၈)ရက်နေ့မှ မတ်လ (၃၀)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ  သိရှိရသည်။

(မောင်လွင်)စလင်း