တောင်တွင်းကြီး ဇန်နဝါရီ ၃၀
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးလောင်မှုလျော့နည်းကျဆင်းစေရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ စက်ရုံ၊ အလုပ်ရုံများ၊ ဓာတ်ဆီဆိုင်များနှင့် ရပ်ကွက်၊ ကျေးရွာအတွင်းရှိ လူနေအိမ်များသို့ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးလျှက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက ကောင်းထက်ကောင်းပဲကြော်လုပ်ငန်း၊ ချိုပဲကြော်လုပ်ငန်း၊ သင်းမြတ်ပဲကြော်လုပ်ငန်းများသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ပဲကြော်ပဲလှော်လုပ်ငန်းများအတွက် ထားရှိရမည့် မီးဘေးလုံခြုံရေးဆိုင်ရာပစ္စည်းများဖြစ်သည့် မီးသတ်ဆေးဗူး၊ မီးသတ်စက်(potable fire pump) ထားရှိမှု၊ ရေသိုလှောင်ကန်များထားရှိမှု၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သံပုံးများ ထားရှိမှုများကို စစ်ဆေးခဲ့ပြီး လိုအပ်သည့်ပစ္စည်းများကို ထပ်မံဖြည့်ဆည်းရန် မှာကြားခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး စက်ရုံ၊ အလုပ်ရုံများသို့ ကွင်းဆင်းစစ်ဆေးမှုအပေါ် ရရရှိသော အကျိုးကျေးဇူးများ၊ သဘောထားအမြင်နှင့်ပတ်သက်၍ ကောင်းထက်ကောင်းပဲကြော်လုပ်ငန်းမှ ဦးညီညီလွင်က "မိမိတို့အကျိုးစီးပွားအောင်မြင်အောင်၊ မလိုလားအပ်တာတွေမဖြစ်အောင် လာရောက်ကူညီစောင့်ရှောက်ပေးတယ်လို့ မြင်ပါတယ်၊၊ အခုလိုလာရောက်စစ်ဆေးပေးတဲ့အတွက် လိုအပ်ချက်တွေကို ထောက်ပြပေးနိုင်ပြီး မိမိတို့လုပ်ငန်းရှင်များဘက်ကလည်း လိုက်နာဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ သဲကန်တွေ၊ ရေကန်တွေ၊ မီးသတ်ပန့်တွေ ထားသိုမှုစနစ်တကျဖြစ်စေဖို့ စစ်ဆေးဆောင်ရွက်ပေးတဲ့အတွက် ရော၊ အလုပ်သမားတွေကို မီးသတ်ဆေးဗူး စနစ်တကျသုံးစွဲတက်အောင် သင်ကြားပေးတဲ့ အတွက်ရော ကျေးဇူးတင်ပါတယ်။ အခုလိုလက်တွေ့ကွင်းဆင်းစစ်ဆေးပေးလို့ မိမိတို့လုပ်ငန်းရှင်များအနေနဲ့ လုံခြုံမှုရှိတယ်လို့ ခံစားရတယ်။ ဗဟုသုတတွေလည်းရပါတယ်။ မီးသတ်ဦးစီးဌာနကချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာသွားမှာပဲဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။
တောင်တွင်းကြီးမြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေး စက်ရုံ၊ အလုပ်ရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးစောမောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ပြီး ရပ်ကွက်၊ ကျေးရွာအတွင်း တစ်အိမ်တက်ဆင်း စစ်ဆေးခြင်းများကိုလည်း ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)