ကန်ကြီးထောင့်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်/ဆင်း ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်

ကန်ကြီးထောင့် ဇန်နဝါရီ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ ယနေ့မွန်းလွဲပိုင်း (၁)နာရီအချိန်က ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၁) ရပ်ကွက်အတွင်းရှိ နေအိမ်များအား မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများနှင့် မီးလောင်မှုများ မဖြစ်ပွားစေရေးအတွက် တစ်အိမ်တက်/ဆင်းလိုက်လံစစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များက ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ လျှပ်စစ်မီးများအသုံးပြုရာ၌ မီးဘေးလုံခြုံရေး အလေးထား ဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးနှင့် မီးသတ်ဆေးဘူးများ စီစဉ်ဆောင်ရွက်ထားရှိရန်၊ ထင်း၊ မီးသွေးများဖြင့် ချက်ပြုတ်ရာတွင် ထမင်း /ဟင်းများ ချက်ပြုတ်ပြီးပါက စနစ်တကျ ငြှိမ်းသတ်ထားရှိရန်အချက်များ၊ ဖယောင်းတိုင်မီးများ၊ အမွှေးတိုင်မီးများနှင့် ခြင်ဆေးခွေများ  စနစ်တကျအသုံးပြုရန်နှင့် မီးဘးအန္တရာယ် ကြုံတွေ့ရပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ အချိန်နှင့်တပြေးညီ သတင်း‌ပေးပို့ကြရန် စသည်တို့ကို ရပ်ကွက်နေ ပြည်သူများအား ဆွေးနွေးမှာကြား၍ နေအိမ်များအတွင်း မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ တို့အား ကြည့်ရှု့စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)