ကန့်ဘလူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံ ၉၅၁၁၀ ဧကစိုက်ပျိုးပြီးစီး

ကန့်ဘလူ ဇန်နဝါရီ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ၂၀၂၃- ၂၀၂၄ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံများဖြစ်သည့် မတ်ပဲ၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ စွန်တာနီ၊ စွန်တာပြာ၊ ကုလားပဲ၊ ပဲလွမ်း၊ ပဲကြီး၊ စားတော်ပဲနှင့်အခြားပဲ ၉၆၆၆၈ ဧကလျာထားပြီး ယမန်နှစ် စက်တင်ဘာလက စတင်စိုက်ပျိုးခဲ့ရာ ယခုအခါ ပဲမျိုးစုံသီးနှံ ၉၅၁၁၀ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“ကျွန်တော်တို့မြို့နယ်မှာ ဆောင်းသီးနှံပဲမျိုးစုံဧက ကိုးသောင်းခြောက်ထောင်ကျော် စိုက်ပျိုးဖို့လျာထားခဲ့ရာမှာ ဒီနှစ် ဇန်နဝါရီ ၁၅ ရက်နေ့အထိ ကိုးသောင်းငါးထောင်ကျော်စိုက်ပျိုးပြီးပါပြီ။မြို့နယ်အတွင်းမှာရှိတဲ့ ဒေသခံတောင်သူတွေ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးတို့အတွက် ပဲမျိုးစုံအတွက်ကောင်း မျိုးကောင်းမျိုးသန့်များကို သုံးစွဲရေး၊ စိုက်စနစ်မှန်ကန်ရေး၊ ဒေသထွက်မြေဩဇာအချိုးကျသုံးစွဲနိုင်ရေး၊ ပိုးမွှားကျရောက်မှုရှိမရှိ ကင်းထောက်ခြင်းတို့ကိုလည်း တောင်သူများနဲ့ပူးပေါင်းပြီး ဆောင်ရွက်ပေးလျက်ရှိပါတယ်။ရေလိုအပ်ချက်နည်းတဲ့ ပဲမျိုးစုံသီးနှံတွေ စိုက်ပျိုးနိုင်ရေး၊ ပဲမျိုးစုံသီးနှံအရည်းအသွေးကောင်းရရှိရေး၊ နောက်ဆုံးပေါ်နည်းပညာတွေရယူသုံးစွဲနိုင်ရေးနဲ့ စျေးကွက်ဝင်ပဲမျိုးစုံသီးနှံတွေကို စိုက်ပျိုးကြဖို့ကိုလည်း စည်းရုံးဆောင်ရွက်ခဲ့ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးဇော်ကပြောသည်။

ကန့်ဘလူမြို့နယ်၌ ဆောင်းသီးနှံများဖြစ်သည့် ပဲမျိုးစုံစိုက်ပျိုးပြီးစီးမှုအနေဖြင့် မတ်ပဲ ၃၈၅၄၄ ဧက၊ ပဲတီစိမ်း ၂၂၂၁၄ ဧက၊ ထောပတ်ပဲ ၃၇၉၇ ဧက၊ စွန်တာနီ ၁၃၉၃ ဧက၊ စွန်တာပြာ ၇၂၁၉ ဧက၊ ကုလားပဲ ၆၉၄၁ ဧက၊ ပဲလွမ်း ၂၃၉၅ ဧက၊ ပဲကြီး ၁၇၁ ဧက၊ စားတော်ပဲ ၉၈၉၇ ဧကနှင့်အခြားပဲ ၂၅၃၉ ဧက စုစုပေါင်း ၉၅၁၁၀ ဧကစိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)